ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း မေ ၂၁ ရက် ညနေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၅ ဦးသေဆုံးကာ ၁၀ ယောက် ဒက်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလက်ဝမြို့နယ် အထက်တရွန်အိုင်ရွာကို မေ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တစင်းနဲ့ ၂ ကြိမ်၊ ညနေ ၅ နာရီလောက်မှာ တကြိမ် ဗုံးကြဲခဲ့တယ်လို့ ပလက်ဝမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အထက်တရွန်အိုင်ရွာက အသက် ၃၃ နှစ်အရွယ် ဦးအောင်ကျော်ညွန့်၊ အသက် ၄၇ နှစ်အရွယ် ဒေါ်လှခိုင်ဦး၊ အသက် ၁၇ နှစ်အရွယ် မစန္ဒာ၊ အထက်ဘလိုင်ရွာက အသက် ၆၇ နှစ်အရွယ် ဦးအောင်ထွန်းနဲ့ အသက် ၃၁ နှစ်အရွယ် ဦးမောင်သိန်းနိုင်တို့ဟာ ဗုံးစထိမှန်ပြီး သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ အထက်တရွန်အိုင်ရွာက အသက် ၁၂ နှစ်အရွယ် မောင်မြတ်သူကျော်နဲ့ မောင်ဒီဖြိုး၊ ကို ဒီးမိုးထွန်း၊ ဦးအောင်မြတ်ဦး၊ ဒေါ်ဦးမြနု၊ ဒေါ်သိန်းရွှေဦး၊ စက်ပြင်ရွာက ကိုထွန်းလင်း၊ ပြင်ဒိုင်းရွာက မောင်အောင်ဟွေ့ထွန်း၊ အထက်ဘလိုင်ရွာက ဦးကျော်လှနဲ့ မြောက်ဦးမြို့နယ် နကန်ရွာက ဦးကျော်စိုးတို့ဖြစ်ကြပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါဝင် ရခိုင်ပြည်နယ်အတွင်းရှိ ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီဘက်က မကြာခဏ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူတွေ အများအပြားထိခိုက်သေဆုံးပြီး နေအိမ်အဆောက်ဦတွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာလည်း မေ ၂၂ ရက် မနက်က စစ်ကောင်စီ ခလရ ၅၈ တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီး လမြန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံ အမျိုးသားတဦးက “တိုက်ပွဲတွေက ဝိုင်းမော်မြို့နဲ့ အနီးနားမှာပဲ ဖြစ်နေတာ။ မြစ်ကြီးနား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ ခလရ ၅၈ တပ်ရင်းကလည်း ပစ်တယ်။ မနက် ၇ နာရီလောက်က ၅၈ ဘက်က ပစ်လိုက်တာ နေအိမ်ပေါ်ကျပြီး မီးလောင်နေတယ်။ အဲဒီကမှတဆင့် ဘေးအိမ်ကိုလည်း မီးကူးပြီး လောင်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေင်းတော်လှန်ရေးတပ်ဖွဲ့တို့ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေရပါတယ်။
ကချင်လွတ်လပ်ရေးတပ် (KIA) က ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ မေ ၂၀ ရက်က စစ်ကောင်စီရဲ့ ကဇူးတပ်စခန်းနဲ့ မေ ၂၁ ရက် ညပိုင်းမှာ ခြေမြန်တပ်ရင်းတခုဖြစ်တဲ့ ခမရ ၃၂၁ တပ်ရင်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းမပေါ်က ရွှေပြည်ကျေးရွာမှာ မေ ၂၁ ရက် မနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ဒေသခံပြည်သူတဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တွေက ရွာခံပန်းပုဆရာ တဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) ရဲ့ တာဝန်ရှိသူတဦးက “PDF တွေ ဒီရွာက ရဲကင်းစခန်းကိုပစ်ပြီး ပျူစောထီးခေါင်းဆောင် ညွန့်ဝေအိမ်ကို ဝင်ပစ်ရင်း နှစ်ဖက် ပစ်ခတ်မှုဖြစ်တယ်။ အဲဒီမှာ တောင်အင်းရွာမှာ အထိုင်ချထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တော့ အသက် ၅ နှစ်အရွယ်လောက် ကလေးငယ်လေးတယောက်နဲ့ ရွာခံတယောက်က လက်နက်ကြီးကျည်ထိပြီး ဆုံးသွားတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေပြည်ကျေးရွာက ပန်းပုလုပ်ငန်းလုပ်ကိုင်တဲ့ ရွာခံအမျိုးသား တဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ရွှေပြည်ကျေးရွာသားတဦးက “လာပစ်တဲ့ PDF တွေ ပြန်သွားတော့ ရွာကို စစ်သားနဲ့ ရဲတွေ ရောက်လာပြီး ပန်းပုဆရာကို ဖမ်းသွားပြီး ရွှေပြည်ရဲစခန်းတောင်ဘက် တံတားနားက ကားလမ်းပေါ်မှာ ပစ်သတ်ပြီး အလောင်းထားခဲ့တယ်။ အဲဒီပန်းပုဆရာက ရိုးရိုးသားသားနဲ့ သူ့အလုပ်သူ လုပ်စားနေတာ။ စစ်သားတွေက သက်သက်မဲ့ကြီး သတ်ပစ်တာပဲ” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပျူခေါင်းဆောင် ညွန့်ဝေရဲ့နေအိမ်ကို ဝင်ရောက်ပစ်ခတ်မှုမှာ ပျူစောထီး ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ရွှေပြည်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကလည်း “ကိုညွန့်ဝေနဲ့ သူ့လူ ၂ ယောက်ကတော့ ဒဏ်ရာလောက်ပဲရတယ်။ ကိုညွန့်ဝေက လူလည်ဗျ။ သူ့အိမ်မှာ ကတုတ်ကျင်းတွေနဲ့ ဘန်ကာတွေကို အရင်ကတည်းက ခိုင်ခိုင်မာမာ လုပ်ထားတယ်။ ရွာက ကလေးလေးနဲ့ ရွာသား ၂ ယောက်က မြေစာပင်ဖြစ်ပြီး သေရတာတော့ စိတ်မကောင်းဘူး” လို့ ပြောပါတယ်။
ရွှေပြည်ရဲစခန်းနဲ့ ပျူခေါင်းဆောင် ညွန့်ဝေရဲ့ နေအိမ်တွေ ပစ်ခတ်တိုက်ခိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ခေါင်းလောင်းရွာဟောင်းကို မေ ၂၂ ရက် မနက် ၁ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဥ်တစီးနဲ့ ဗုံးကြဲခဲ့တာကြောင့် သံဃာတော်တပါးအပါအဝင် ပြည်သူ ၈ ဦးဒဏ်ရာရရှိကာ နေအိမ်အဆောက်ဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခေါင်းလောင်းရွာဟောင်းဘုန်းကြီးကျောင်းနဲ့ အဝေးပြေးဂိတ်နားမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ခေါင်းလောင်းရွာဟောင်းဘုန်းကြီးကျောင်းက သက်တော် ၈၃ နှစ်အရွယ် အရှင် ဉာဏစက္က၊ ခေါင်လောင်းရွာဟောင်းမှာ စစ်ဘေးလာရှောင်တဲ့ ကျွန်းညိုရွာက ဦးကျော်လင်းဦး၊ ကိုငြိမ်းချမ်း၊ ကိုလပြည့်၊ ကိုကျော်လင်းဦး၊ ဒေါ်သိန်းသိန်း၊ ဒေါ်ငြိမ်းငြိမ်းဝေ၊ ဒေါ်မထွေး၊ ဥက္ကာပျံရပ်ကွက်က ဦးဇော်မင်းလတ်နဲ့ အဝေးပြေးကားကွင်းက ဦးတင်ထွန်းတို့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၆ လုံးအပါဝင် ကားဂိတ်က အဆောက်ဦးတချို့ ဗုံးစထိမှန်ပြီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မင်းပြားမြို့နယ်မှာ မေ ၁၅ ရက်နေ့ မနက်ကလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကျောင်းသားတယောက်သေဆုံးကာ၊ သံဃာတေယ်တပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။