ဉာဏ်ရည်တုနည်းပညာကို သုံးရာမှာ ဘေးကင်းရေးက ဦးစားပေးဖြစ်တယ်လို့ တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒက်ခ်စိုးက ဆိုးလ်မြို့တော်မှာ မေ ၂၂ ရက်က ကျင်းပတဲ့ ဉာဏ်ရည်တု ကမ္ဘာ့ဖိုရမ်ဖွင့်ပွဲမှာ ပြောလိုက်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာဖိုရမ်ကို နှစ်ရက်ကြာကျင်းပတဲ့ ဒုတိယအကြိမ်မြောက် AI ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးအစည်းအဝေးနဲ့အတူ ကျင်းပနေတာပါ။
မေ ၂၁ ရက်မှာ ကျင်းပတဲ့ AI ထိပ်သီးအစည်းအဝေးရဲ့ ပထမနေ့မှာ AI ဖွံ့ဖြိုးတိုးတက်ရေး ရှေ့တန်းက ကုမ္ပဏီ ၁၆ ခုဟာ စည်းကမ်းထိန်းသူတွေက လျင်မြန်တဲ့ ဆန်းသစ်တီထွင်မှုနဲ့ ပေါ်ပေါက်လာတဲ့ အန္တရာယ်တွေကို အမီလိုက်နိုင်ဖို့နဲ့ နည်းပညာကို အရှိန်အဟုန်နဲ့ ဘေးကင်းကင်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။
ကုမ္ပဏီတွေထဲမှာ အမေရိကန်ခေါင်းဆောင်တွေဖြစ်တဲ့ Google, Meta, Microsoft နဲ့ OpenAI တို့အပြင် တရုတ်၊ တောင်ကိုရီးယားနဲ့ ယူအေအီးတို့က ကုမ္ပဏီတွေလည်း ပါပါတယ်။
သူတို့ကို စီးပွားရေး အဓိကအင်အားကြီး ၇ နိုင်ငံအဖွဲ့ (G7) အုပ်စု၊ EU၊ စင်္ကာပူ၊ သြစတြေးလျနဲ့ တောင်ကိုရီးယားတို့က ကျယ်ပြန့်တဲ့ ကြေညာချက်တရပ်နဲ့အတူ ကျောထောက်နောက်ခံ ပြုခဲ့ပါတယ်။
နိုင်ငံတွေအနေနဲ့ AI ဘေးကင်းရေး၊ ဆန်းသစ်တီထွင်မှုနဲ့ ပေါင်းစပ်ပါဝင်မှုကို ဦးစားပေးဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောခဲ့ပါတယ်။
Source/Photo-Reuters