ချင်းပြည်နယ်၊ တွန်းဇန်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေ ၂၂ ရက် မနက် ၂ နာရီကစပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲနေတာ ၅ ကြိမ်ရှိပြီး မြို့ထဲမှာ တိုက်ပွဲဆက်ဖြစ်နေတာပါ။
တွန်းဇန်မြို့ပေါ်က စစ်ကောင်စီတပ်စခန်း အားလုံးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက သိမ်းပိုက်ထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သား အယောက် ၁၅၀ လောက်နဲ့ မြို့ပြင်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
တီးတိန်ဒေသခံတဦးက “မနက် ၂ နာရီတည်းက ကြဲနေတာ၊ ကလပ်စတာဗုံးတွေလည်း ပါမယ်ထင်တယ်။ ရဟတ်ယာဉ်နဲ့ရော Y12 နဲ့ပါ ကြဲနေတာ။ ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ ရွာထဲတွေလည်း ရမ်းပစ်နေကြတယ်။ ပြည်သူတွေတော့ မထိဘူး၊ လေကြောင်းကလည်း တပ်ကူတွေချတယ်။ စကစက မလွှတ်ချင်တာနေမှာ။ ဒီဟာလွှတ်လိုက်ရင် တီးတိန် ဖလမ်းဘက် ဆက်ကူးမှာ သိတယ်ထင်တယ်” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် တွန်းဇန်မြို့ပေါ်နဲ့ ကျေးရွာတွေဘက်က ပြည်သူ ၈,၀၀၀ ကျော်နဲ့ ကျီခါးမြို့ဘက်က ပြည်သူ ၂,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
မြို့နယ်ပအဖ တာဝန်ရှိသူက “ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လိုနေတယ်။ မိုးရွာတော့ မိုးကာတွေလည်း လိုနေပါတယ်။ ရွာတွေဘက်မှာ ဓာတ်ဆီတောင် ပြတ်နေပြီ၊ အကူအညီကတော့ အတော်လိုတယ်” လို့ ပြောပါတယ်။
ချင်းပြည်နယ်၊ တွန်းဇန်မြို့ပေါ်က စစ်ကောင်စီအထိုင်တပ်စခန်း အားလုံးကို ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်တဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေ ၂၀ ရက် ညနေပိုင်းမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မိချောင်းပင်ရွာကို စစ်ကောင်စီ ထောက်ပို့တပ် ၄၄ က မေ ၂၁ ရက် မနက် ၁၁ နာရီမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့ ဒေသခံရွာသားတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
“ပစ်ခတ်တာက လက်နက်ကြီးကျည် ၁၀ ကျော်ရှိမယ်။ အဲလိုပစ်ခတ်လို့ ရွာအတွင်း ၂ လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေက တအိမ်တည်းမှာတင် ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်ရှင့်” လို့ ဒေသခံရွာသူတဦးက ပြောပါတယ်။
မနှင်းနှင်း (အသက် ၂၂ နှစ်)၊ ကိုမော်လီဌေး (အသက် ၄၂ နှစ်) ဝန်းကျင်တို့ သေဆုံးပြီး ကိုမော်လီဌေးရဲ့သား ၈ နှစ်အရွယ် မောင်ချမ်းမြေ့အောင် ဦးခေါင်းကျည်စထိမှန် စိုးရိမ်ရဒဏ်ရာရခဲ့ကာ ဒေါ်ချိုဆင့်နဲ့ ဦးသာထူးကတော့ ဒဏ်ရာမစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ရွှေဘိုမြို့ စစ်ကောင်စီ လေ့ကျင့်ရေး ၈ စခန်းနဲ့ ၂ မိုင်သာဝေးပြီး အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိတဲ့ မိချောင်းပင်ကျေးရွာဟာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် တရွာလုံး နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
ဒေသခံလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက “ပစ်ရတဲ့အကြောင်းအရင်းက မေ ၂၀ ရက်က NUG အစိုးရရဲ့ ရပ်ကျေးလုံခြုံရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ လာဖွဲ့တာကို စစ်ကောင်စီ လေ့ကျင့်ရေး ၈ ကို စခန်းသိမ်းမယ်ဆိုတဲ့ သတင်းအမှားရပြီး စစ်တပ်ဘက်က အခုလိုပစ်တာ ဖြစ်နိုင်တယ်ဗျ။ ဘယ်ကနေပစ်တာလဲဆိုတော့ ရွှေဘိုထောက်ပို့ ၄၄ တပ်ကနေ ပစ်တာပဲ။ လက်နက်ကြီး ၁၀ လုံးနဲ့ ပစ်တာ။ ၂ လုံးက ရွာထဲကျတယ်။ တလုံးက ရွာမြောက်ပိုင်း အိမ်ပေါ် ကျပေါက်ကွဲပြီး တမိသားစုတည်းမှာတင် ၂ ဦးသေဆုံးရတယ်။ အိမ်လည်းပျက်စီးရတယ်။ ရွာထဲလည်း မဝင်ရဲကြသေးတော့ အိမ်အပျက်အစီး အတိကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
မိချောင်းပင်ရွာသားတွေဟာ ရွှေဘိုမြို့ကို ဟင်းသီးဟင်းရွက်နဲ့ ထန်းလျက်ခဲတွေ သွားရောက်ရောင်းချပြီး လုပ်ကိုင်စားသောက်နေကြတာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြို့နယ်မီးသတ်ရုံးအနီးမှာ မိုင်းရှင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မေ ၂၁ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့က ပြောပါတယ်။
BRAVE HEART ARMY-BHA အဖွဲ့ တာဝန်ခံတဦးက “ချောင်းဦးမြို့နယ် မီးသတ်ရုံးမှာ တပ်စွဲနေပြီး ကြေးနီကားတွေကို လမ်းကင်းယူပေးဖို့ မိုင်းရှင်းဖို့ထွက်လာတဲ့ ေ–း ၃ ကောင်ကို စောင့်ပစ်တာ ၂ ကောင်သေပြီး ၁ ကောင်လွတ်သွားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်သား ၂ ဦးဆီကနေ MA 11 သေနတ် ၂ လက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ 5.56 ကျည် ၄၀ တောင့်၊ ဦးထုပ် ၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။ အခုလက်နက်တွေက တခြားအဖွဲ့ဆီကနေ ခဏငှားထားတာပါ။ ေ–းတွေသတ်ဖို့ သေနတ်နဲ့ ကျည်တွေ လိုအပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ ကျနော်တို့ရဲ့ BRAVE HEART ARMY - BHA (Page Messenger) ကနေ တိုက်ရိုက်ပါဝင် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ BRAVE HEART ARMY-BHA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို MONYWA SPECIAL ဒိတ်ဒိတ်ကြဲနဲ့ Youth Revolution Attack Force အဖွဲ့တွေဆီကနေ ငှားရမ်း တဲ့လက်နက်တွေနဲ့ BRAVE HEART ARMY - BHA အဖွဲ့ တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။