Home
မြန်မာသတင်း
ရန်ကုန်တွင် မီးပျက်ချိန်ပိုများလာသဖြင့်  ပညာသင်နေသည့်လူငယ်များ အခက်ကြုံနေ
DVB
·
May 22, 2024
ygn-okok

ရန်ကုန်မှာ မီးပျက်ချိန်တွေ ပိုများလာတဲ့အတွက် အင်တာနက်နဲ့ အွန်လိုင်းသုံးပြီး ပညာသင်ကြားရတဲ့ ကျောင်းသားတွေနဲ့ လူငယ်တွေမှာ အတန်းချိန်ပြည့်မီအောင်တက်ဖို့ အခက်အခဲတွေကြုံနေရပါတယ်။

ရန်ကုန်ရဲ့ လျှပ်စစ်မီးပျက်ချိန်တွေက ပိုဆိုးလာတဲ့အတွက် အင်တာနက်သုံးပြီး အွန်လိုင်းက ပညာရပ်ဆိုင်ရာတွေ လေ့လာသင်ယူရတဲ့အခါ အခက်အခဲတွေအများကြီးရှိနေတယ်လို့ ရန်ကုန်မြို့နေ လူငယ်တွေက ပြောပါတယ်။

ရန်ကုန်မှာ လျှပ်စစ်မီးက အလှည့်ကျစနစ်နဲ့ ပေးဝေနေတာဖြစ်ပြီး လေးနာရီခြားတခါ မီးပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ မီးလာရမယ့်အချိန်မှ အချိန်အနည်းငယ်လောက်ပဲ မီးပေးပြီး မီးဖြတ်တောက်တာပိုများနေတဲ့အတွက် အင်တာနက်သုံးပြီး အွန်လိုင်းက ကွန်ပြူတာနဲ့ စာသင်ကြားတဲ့နေရာမှာ အခက်အခဲကြုံနေတယ်လို့ အင်္ဂလိပ်စာ သင်ကြားရေး ဆရာမ တဦးက ပြောပါတယ်။

“education field ထဲက လူအနေနဲ့ပြောရမယ်ဆိုရင် ဒီလျှပ်စစ်မီးနဲ့ အလုပ် လုပ်ရတာ တော်တော် အဆင်မပြေပါဘူး။ စာသင်ပေးရတဲ့ လက်ပတော့နဲ့ zoom meeting တွေထိုင်ရလို့ လက်ပတော့သုံးရတဲ့အခါမှာ  လက်ပတော့ကျ အများဆုံး ၂ နာရီလောက်ပဲ ခံတယ်။ အတန်းတတန်းအတွက် သုံးရမယ်ဆိုရင် တခြားအတန်းအတွက် သုံးစရာ အခြေအနေမရှိတော့ဘူး။ အတန်းတွေ သွားတက်မယ်ဆိုရင်လည်း အွန်လိုင်းအတန်းတွေ တက်ဖို့က တော်တော်လေး အခက်အခဲတွေရှိတယ်။ ဘာလို့လဲဆိုတော့ မီးပျက်တဲ့အခါ ဝိုင်ဖိုင်တွေက လိုင်း မကောင်း၊ လိုင်းက တော်တော်လေးအခြေအနေက ဆိုးတယ်။”

ကိုဗစ်ကာလကတည်းက ကျောင်းနဲ့ သင်တန်းတွေကို လူကိုယ်သွားရောက်ပြီး တက်ရတာ ရပ်နားထားခဲ့ရာက အခုလို အာဏာသိမ်းပြီးတဲ့နောက်မှာလည်း လူငယ်တွေက အွန်လိုင်းပညာရေးကို ပိုပြီး စိတ်ဝင်တစား ရှိလာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးပြတ်တောက်ချိန်တွေက ဆိုးဝါးနေတဲ့အတွက် ပညာရပ်တခုကို ဆုံးခန်းတိုင်အောင် သင်ကြားဖို့ အခက်အခဲကြုံနေရတယ်လို့ အွန်လိုင်းကနေ ဒီဇိုင်းပညာ သင်ယူနေတဲ့ လူငယ်တဦးက ပြောပါတယ်။

မီးပျက်တာ ပိုဆိုးလာတဲ့အတွက် အတန်းချိန်ပြည့်မီအောင် မတက်လိုက်ရလို့ သင်တန်းဆင်းလက်မှတ်မရလိုက်ဘူးလို့လည်း  လူငယ်တဦးက ပြောပြပါတယ်။

“ရန်ကုန်မှာ မီးပျက်တာ တော်တော်ဆိုးနေတယ်။ ပြီးခဲ့တဲ့တပတ်က ၁၀ ရက် သင်တန်းတခုတက်တာလေ၊ မီးပျက်တဲ့ အချိန်တွေက အရမ်းများတဲ့အခါကျတော့ ဝိုင်ဖိုင်ကို ချိတ်တဲ့ Power Bank တွေကလည်း မခံနိုင်တော့ဘူး။ ဘယ်လောက်တောင်ပျက်လဲဆိုရင် ကွန်ပြူတာအားကုန်တဲ့အထိကို မီးပြန်မလာဘူး။ ရန်ကုန်က မီးပျက်တဲ့ အဆင့်မဟုတ်တော့ဘူး မီးမလာတဲ့အဆင့်ဖြစ်သွားပြီ။ အဲဒီတော့ အတန်းချိန်တွေလည်း ပြည့်မီအောင် မတက်နိုင်တော့ဘူးပေါ့။ အဲဒီတော့ roll call  လည်း အပြည့်မရဘူး။ roll call   အပြည့်မရတော့ certificate လည်းမရဘူး။ ဘာလို့လဲဆိုတော့ မီးပျက်လို့ အတန်းချိန်တွေပျက်ပြီးတော့ တက်သာတက်လိုက်ရတယ် သင်တန်း ၁၀ ရက်သာပြီးသွားတယ် certificate မရလိုက်ဘူးဖြစ်သွားတယ်။”

မေ ၁၉ ရက်ကစပြီး ရန်ကုန်မြို့က စက်မှုဇုန်တွေကို မနက် ၅ နာရီကနေ ၇ နာရီအထိ တရက် ၂ နာရီသာ လျှပ်စစ်မီးပေးမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ရေအားလျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့တို့ကနေ တရက်ကို ၂၈၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး နေ့စဉ် လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းသာ ထုတ်လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

ထုတ်လုပ်နိုင်တဲ့ မဂ္ဂါဝပ်ကို ရန်ကုန်ကို ၄၆ ရာခိုင်နှုန်း၊ မန္တလေးတိုင်းကို ၁၆  ရာခိုင်နှုန်းနဲ့ ကျန်တိုင်း ဒေသကြီးတို့ကို ၃၈ ရာခိုင်နှုန်းစီ အချိုးကျ ခွဲဝေဖြန့်ဖြူးပေးနေတယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက မေ ၃ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013