Home
မြန်မာသတင်း
လူငယ် ၃၀ ခန့်အား စစ်တပ်ထံ ရောင်းချမည့် RSO အဖွဲ့ကို ဒုက္ခသည်များက ဝိုင်းဝန်းဖမ်းဆီး
DVB
·
May 22, 2024
RSO

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းက လူငယ်တွေကို  ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) က ဖမ်းဆီးပြီး စစ်ကောင်စီတပ်ဆီ စစ်သားအဖြစ် ရောင်းချတာကို ဒေသခံ ဒုက္ခသည်တွေက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မေ ၂၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတူပါလောင် ရိုဟင်ဂျာ ဒုက္ခသည်စခန်း အမှတ် ၁ မှာ လူငယ် ၃၀ လောက်ကို RSO အဖွဲ့က ဖမ်းဆီးပြီး စစ်ကောင်စီတပ်ကို ရောင်းစားဖို့ လုပ်နေစဉ်  ဒေသခံတွေက သိရှိသွားပြီး ဝိုင်းဝန်းရိုက်နှက်ကြတာကြောင့် RSO အဖွဲ့ ရဲစခန်းထဲကို ဝင်ပြေးသွားကာ လူငယ်တွေအားလုံး လွတ်မြောက်သွားကြပါတယ်။

အဆိုပါဖြစ်စဉ်မှာ ဒေသခံ ရိုဟင်ဂျာဒုက္ခသည်တွေက RSO အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး ပထမမိတဲ့တယောက်ကို ရဲလက်အပ်လိုက်ပေမဲ့ ပြန်လွှတ်ပေးတဲ့အတွက် ကျန် ၉ ယောက်ကို မအပ်တော့ဘဲ သူတို့နည်းသူတို့ဟန်တဲ့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

RSO အဖွဲ့ ထပ်ရောက်လာမှာစိုးတာကြောင့် မိဘတွေက တုတ်တွေကိုင်ပြီး တညလုံး မအိပ်ဘဲ ကင်းစောင့်နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တဦးက ပြောပါတယ်။

“ရပ်ကွက် ၁ မှာ လူငယ် ၃၀ လောက်ကို ဖမ်းပြီး Truck ကားတစီးပေါ်ကို တင်ထားတဲ့အချိန်မှာ ကမ့်ပ်ကလူတွေ သိသွားကြပြီး အဲဒီကားကို ဝိုင်းကြတာ၊ ဝိုင်းတော့ RSO တွေက သေနတ်တွေနဲ့ ပြန်ခြိမ်းခြောက်ကြတယ်။ ဒါပေမဲ့ လူတွေက တဖြည်းဖြည်း များလာတော့ သူတို့ကို ဝိုင်းရိုက်ကြတာ။ အဲ့မှာ ရဲစခန်းထဲကို ဝင်ပြေးသွားကြတော့တာ။ ပြန်ထွက်မလာတော့ လူတွေက ဝိုင်းထားရင်းနဲ့ သူတို့အတွက်ဆောက်ထားတဲ့ အဆောင် ၂ ခုကို ဝိုင်းဖြိုပစ်လိုက်ကြတယ်၊ ကလေးတွေ အားလုံးကတော့ ပြန်လွတ်သွားကြတယ်။”

စစ်ကောင်စီက စစ်သားသစ်အဖြစ် စစ်မှုထမ်းခိုင်းဖို့ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို အဓမ္မခေါ်ဆောင်သလို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းထဲကနေလည်း ခေါ်ဖို့အတွက် RSO အဖွဲ့က တာဝန်ရှိသူတွေကို မောင်တောမှာ ခေါ်ယူတွေ့ဆုံခဲ့ပြီးနောက်ပိုင်း ဒုက္ခသည်တွေရဲ့ အိမ်တွေထဲအထိ ရဲတင်းစွာနဲ့ ပေါ်တာဆွဲတာတွေ လုပ်လာခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရဲတွေကတော့ တားဆီးအရေးယူတာ မလုပ်ဘူးလို့ ရိုဟင်ဂျာတယောက်က ပြောပါတယ်။

“ပြီးခဲ့တဲ့လက မောင်တောဘက်မှာ စစ်တပ်အကြီးအကဲတယောက်က ဒီက RSO အဖွဲ့က တာဝန်ရှိသူတွေကို ခေါ်ပြီးတွေ့တယ်။ တွေ့ပြီး ပြန်လာတော့ ပထမတော့ သူတို့ RSO အဖွဲ့ ထောက်ခံသူတွေထဲက လူတချို့ကို စစ်တပ်မှာ စစ်မှုထမ်းဖို့ဆိုပြီး စပို့တာ၊ နောက်တော့ လူလိုတော့ အတင်းဖမ်းခေါ်တာတွေ လုပ်တော့တာပဲ၊ ၃ ပတ်လောက်ရှိပြီ။ သူတို့ RSO မှာ စစ်သင်တန်းတက်ပြီးသား အမာခံတပ်ဖွဲ့ဝင် ၂,၀၀၀-၃,၀၀၀ လောက်ရှိတာပဲ။ အဲဒါကိုတော့ မပို့ဘဲ ဘာသင်တန်းမှ မတက်ဘူးတဲ့ ၁၅-၁၆ နှစ်အရွယ် ကလေးတွေကိုပဲ အတင်းဖမ်းပြီး ပို့နေတာ။ အဲလိုလုပ်တော့ လူတွေက စစ်တပ်ကိုလည်း လက်မခံတော့ သူတို့နဲ့ ပူးပေါင်းတာလည်း မကြိုက်ကြဘူး။ ဒါပေမဲ့ ဒုက္ခသည်စခန်းက ရဲတွေကလည်း ဘာမှမပြောဘူး၊ သူတို့ရှေ့မှာတောင် ပေါ်တင်ဖမ်းခေါ်တာ။ ရဲတွေက သူတို့ကို သူတို့အစိုးရက လုပ်ခိုင်းတာလို့ ပြောနေတယ်၊ လူတွေလည်း ကြောက်နေကြတယ်။”

စစ်မှုထမ်းဖို့ လူငယ်တွေအပြင် ဘာသာရေးဆရာတွေ၊ ပရဟိတကျောင်းဆရာတွေကိုပါ အခုနှစ်ရက်အတွင်းမှာ ရအောင်ဖမ်းဆီးခေါ်လာဖို့၊ တားတဲ့သူတွေကို ရိုက်နှက်ပြီး ရအောင်ခေါ်လာခဲ့ဖို့ RSO ခေါင်းဆောင် ကိုလင်းခေါ် Mohammad Kolim က သူ့အဖွဲ့ဝင်တွေကို ဖုန်းနဲ့လှမ်းပြောတဲ့အသံဖိုင် ၂ ခုလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေပါတယ်။

ကိုယ့်ဒေသကိုယ် ကာကွယ်ရမယ်ဆိုပြီး စစ်မှုထမ်းဖို့ ခေါ်နေတာက ရက္ခိုင့်တပ်တော် (AA) ဘက်ပို့တာ လက်ခံနိုင်ပေမဲ့ စစ်ကောင်စီဘက်ပို့တာကိုတော့ လက်မခံနိုင်ကြောင်း ဒုက္ခသည်စခန်းတခုရဲ့တာဝန်ခံက ပြောပါတယ်။

“သူတို့ (RSO) က ၃၀၀ ကျော်လောက်ရှိပြီ အခုလိုဖမ်းသွားတာ။ သူတို့က ကိုယ့်နိုင်ငံကို ကာကွယ်ရမယ်ဆိုပြီး ပြောပြီး ခေါ်ကြတာ။ နောက်တော့ သိရတာက သူတို့က စစ်ကောင်စီကို ၂၀၀ လောက်ပို့ပြီး AA ကိုလည်း ၁၀၀ လောက် ပို့ပြီးနေပြီ။ တချို့ကလေးတွေကတော့ သူတို့လက်ထဲမှာပဲ ရှိနေသေးတယ်။ သူတို့(ဒုက္ခသည်တွေ) မခံနိုင်တာက စကစကို ကလေးတွေရောင်းတာ လက်မခံနိုင်ကြတာပါ။ အဲဒါတွေကလည်း သူတို့ဖုန်းတွေထဲက ဗွီဒီယိုဖိုင်တွေ ပုံတွေအရ သိရတာ။ မနေ့က ၃၀ ကျော်လောက် ဖမ်းထားလိုက်တဲ့အခါမှာ မိသားစုတွေက မခံမရပ်နိုင်ဖြစ်ပြီး ဝိုင်းရိုက်ပြီး ဖမ်းလိုက်ကြတာ။ သူတို့ကို စခန်းလုံခြုံရေးရဲတွေဆီကို အပ်လို့မရဘူး။ အဲလိုအပ်လိုက်ရင် သူတို့ကို ပြန်လွှတ်ပေးလိုက်တာ။ သူတို့က ညှိထားပြီးသား။ ဒါကြောင့် စခန်းမှာပဲ တနေရာမှာ လောလောဆယ် ကြိုးတုပ်ပြီး ဖမ်းထားတယ်။”

စစ်ကောင်စီက ရခိုင်ပြည်နယ်ကို လက်လွှတ်ရတော့မယ့် အခြေအနေကြောင့် ဒေသတွင်း မတည်ငြိမ်အောင် ရိုဟင်ဂျာတွေကို စစ်သားအဖြစ် အသုံးချတာ၊ ARA, RSO, ARSA စတဲ့ ရိုဟင်ဂျာအဖွဲ့တွေကို လက်နက်တပ်ဆင်ပေးပြီး ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်နေတာလို့ သိရပါတယ်။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013