Home
မြန်မာသတင်း
ဝိုင်းမော်-လိုင်ဇာကားလမ်းပေါ်တွင် စစ်ကောင်စီတပ်စခန်းများ ကင်းစင်
DVB
·
May 22, 2024
maxresdefault

ကချင်ပြည်နယ်၊  ဝိုင်းမော်မြို့နယ်မှာရှိတဲ့ ရွှေညောင်ပင် ခမရ -၃၂၁ တပ်စခန်း ရှင်းလင်းပြီးတဲ့နောက် ဝိုင်းမော်-လိုင်ဇာကားလမ်းပေါ်မှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သလောက်ဖြစ်သွားပြီလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က အတည်ပြုပါတယ်။

ဒါပေမဲ့ စစ်တပ်က မြို့အဝင်၊ အထွက်ကိုပိတ်ကာ လူမရှိတဲ့ မြို့စွန်အိမ်တွေမှာ ဝင်ရောက်နေရာယူတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်တခုသာခြားထားတဲ့ ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေ ၁၈ ရက်မှာ ပြန်လည် ထိုးစစ်ဆင်ခဲ့ပါတယ်။

ထိုးစစ် ၄ ရက်အကြာ မေ ၂၁ ရက်အထိဆိုရင် ရွှေညောင်ပင် ခမရ ၃၂၁၊ အောင်မြေ ၁၊ အောင်မြေ ၂ အပါအဝင် စစ်စခန်းကြီး၊ ငယ်တွေကိုသိမ်းပိုက်ခဲ့ပြီးနောက် ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ စစ်ရေး ဆက်လက်တင်းမာနေပါတယ်။

KIO\KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “ကျနော်တို့အဖွဲ့တွေကတော့ နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်ခင်ဗျ၊ အဲဘက်ကတော့။ ဝိုင်းမော်ရဲ့ ပတ်ဝန်းကျင်မှာတော့ အထိုင်စခန်းကတော့ ၅၈ (ခ.လ.ရ ၅၈) ပဲ ကျန်တော့တာ ဖြစ်ပါတယ်။ အခု‌တော့ ဝိုင်းမော်နဲ့ လိုင်ဇာကားလမ်း တကြောလုံးကတော့ စကစ စခန်းကတော့ မရှိသလောက်ဖြစ်နေပါပြီ” လို့ ပြောပါတယ်။

ရွှေညောင်ပင် ခမရ ၃၂၁ ကျတဲ့ မေ ၂၁ ရက်ညမှာ စစ်တပ်က မြစ်ကြီးနားကနေ လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် အတွဲလိုက်ဒုံးတွေကိုပါ ပစ်ခတ်ခဲ့လို့ ခပ်ချိုထဲကိုကျပြီး အရပ်သားထိခိုက်ခဲ့ပါတယ်။

ဝိုင်းမော်မြို့ခံတွေကတော့ မေ ၂၁ ရက်ကတည်းက မိမိနေအိမ်တွေမှာအပြင် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ မြစ်ကြီးနားနဲ့ တခြားမြို့ရွာတွေဆီ တိမ်းရှောင်ခဲ့ကြပါတယ်။

မေ ၂၂ ရက်မှာတော့ ဝိုင်းမော်မြို့ဧရိယာထဲမှာရှိပြီး နောက်ဆုံးကျန်တဲ့ ခ.လ.ရ ၅၈ တပ်က ကူးတို့ဆိပ်တွေအပြင် မြို့အဝင်၊ အထွက်ကို စတင်ကန့်သတ်လိုက်တာကြောင့်  မြို့ခံထက်ဝက်လောက် ဆက်လက်ပိတ်မိနေကြောင်း ပြောပါတယ်။

ဝိုင်းမော်မြို့ခံတဦးက  “သူကဒီ ၅၈ ဂိတ်ကိုပိတ်လိုက်တဲ့အခါ မြို့ကနေ အပေါ်ကိုထွက်တဲ့ဟာကို လက်မခံဘူးတဲ့။ အဝင်ကိုတော့ လက်ခံတယ်၊ အဲလိုမျိုးလုပ်ထားတာ။ မြစ်ကြီးနားအထွက် ကိုလည်း ဗလမင်းထင်မှာလည်း ပိတ်လိုက်၊ ဖွင့်လိုက် အဲလိုမျိုးလုပ်နေတယ်၊ လောလောဆယ် ဒီနေ့အခြေအနေပေါ့။ ရှောင်တဲ့လူဆိုရင် အာမ မခံဘူးတဲ့။ ရှောင်သွားတဲ့ဟာ တချို့အိမ်တွေဆို သူတို့ကာကင်းအနေနဲ့ ဝင်ထိုင်တာ။ မရှောင်တဲ့အိမ်ဆိုရင်တော့ သူတို့ဝင်မထိုင်ဘူးပေါ့၊ အဲလိုမျိုးလုပ်နေတယ်”လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ လက်နက်သံတွေမကြားရပေမဲ့ ခ.လ.ရ ၅၈ တပ်က စစ်ပြင်နေသလို ဝိုင်းမော်မြို့နဲ့ မိုင် ၂၀ လောက်အကွာမှာလည်း စစ်ရေးတင်းမာနေကြောင်း မြို့ခံကပြောပါတယ်။

မြို့တော်မြစ်ကြီးနားမှာလည်း အခုရက်ပိုင်း လူရိုက်တဲ့အထိ အစစ်အဆေးကြမ်းနေပေမဲ့ ဖမ်းဆီးမှုတွေရှိ၊ မရှိကိုတော့မသိရဘူးလို့ ဒေသခံတွေကဆိုပါတယ်။

မြစ်ကြီးနားဒေသခံ “၁၉ ရက်ကစပြီး မြို့တွင်း၊ မြို့ပြင်မှာရှိတဲ့ မိန်းလမ်းမကြီးတွေ၊ ပြီးရင် ညဆိုရင်လည်း ၇ နာရီကျော်၊ ၈ နာရီလောက်ဆိုရင် လမ်းဆုံလမ်းပွိုင့်တွေမှာ စစ်တော့တာပေါ့။ ဆိုင်ကယ် တူးဘောက်တွေ စစ်တယ်။ ပြီးရင် ကားဆိုရင်လည်း လုံးဝ အကုန်မွှေတဲ့အနေအထားတွေဘာတွေရှိတယ်။ မနေ့ညကတော့ ပိုပြီးကြမ်းတယ် စစ်တာကလေ။ ဘယ်လိုကြမ်းသလဲဆို တချို့လမ်းဆုံတွေမှာ စစ်တဲ့အနေအထားတွေမှာ ဘာလဲဆိုတော့ လူပါရိုက်တာ။ လူရိုက်တာက ခေါင်းရိုက်တာပေါ့ နဘန်ကျင်းတဲ့ ပုံစံပေါ့ ”လို့ ပြောပါတယ်။

ဝိုင်းမော် ရွှေညောင်ပင်တပ်ကျပြီးတဲ့နောက် မေ ၂၁ ရက်  ည ၁၁ နာရီလောက်မှာ KIO ဌာနချုပ်ရှိရာ လိုင်ဇာဘက်ကို စစ်တပ်က လေကြောင်းကနေ အနည်းဆုံး ၂ ကြိမ်လောက် တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ထိခိုက်မှုအခြေအနေကိုမသိသေးဘဲ တရုတ်နိုင်ငံဘက်ကပါ လေကြောင်းပိုင်နက်မကျော်လာဖို့ သတိပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဝိုင်းမော်မြို့ဟာ မြစ်ကြီးနားခရိုင်ထဲက မြို့နယ်တစ်ခုဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၁,၀၀၀ ကျော်နေထိုင်ကြပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013