ဝန်ကြီးရာထူးရွေးချယ်ခန့်ထားရေးနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကို ပြဿနာတက်စေခဲ့တဲ့ အစိုးရဝန်ကြီးများရုံး ဝန်ကြီး နိုင်းဖိချစ် ချိမ့်ဘန် ( ၆၅ နှစ် ) ဟာ မေ ၂၁ ရက် မွန်းလွဲပိုင်းမှာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။
အခုလို နုတ်ထွက်ရတာဟာ ဖိအားပေးမှုကြောင့်မဟုတ်ဘဲ တိုင်းပြည်ကိုရှေ့ဆက် သွားစေချင်တယ်၊ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရအဖွဲ့ဝင်တွေကြားစိတ်ဝမ်းကွဲမှာကို မလို လားတဲ့အတွက်သာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဝန်ကြီးချုပ်ဆေထာကို ကာကွယ်ပေးတဲ့အနေနဲ့ နုတ်ထွက်တာလားဆိုတဲ့မေးခွန်းကိုတော့ ဖြေကြားပေးခြင်းမရှိပါဘဲ အခုလို နုတ်ထွက်ကြောင်းကို မနေ့က ကျင်းပတဲ့ ဝန်ကြီးများအဖွဲ့အစည်းအဝေး အပြီးမှာ ပြောလိုက်တာပါ။
အစည်းအဝေးမတိုင်ခင်ကတော့ သူဟာ ဝန်ကြီးရာထူးအရည်အချင်းမပြည့်မီဘူးလို့ အတိုင်ခံရတာဟာ ဆန့်ကျင်ဘက်တွေရဲ့ ပရောဂတွေ ပါဝင်နေတယ်၊ သူ့ကို တရားရုံးမှာ ဘတ် ၂ သန်း လာဘ်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်မှာ သက်သေအခိုင်အလုံပြနိုင်တယ်ဆိုရင် ချက်ချင်း နုတ်ထွက်မယ်လို့ ပြောခဲ့တာပါ။
မနက်ပိုင်းမှာ မနုတ်ထွက်ဘူးလို့ပြောပြီး ၄ နာရီအတွင်း စိတ်ပြောင်းသွားတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
သူဟာ နာမည်ကြီးရှေ့နေတဦးဖြစ်ပြီး ဖွေ့ထိုင်းပါတီရဲ့ ဥပဒေရေးရာအတိုင်ပင်ခံလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လက်ထက် ၂၀၀၈ ခုနှစ်က ဘန်ကောက်ရာ့ချ်ဒါး အများပိုင်မြေကွက်ကို မိမိပိုင်မြေအဖြစ်ဝယ်ယူတယ်ဆိုတဲ့ အမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ အဲဒီအမှုကို ရှေ့နေ နိုင်းဖိချစ် ချိမ့်ဘန်ကပဲ လိုက်ပေးခဲ့ပြီး ဗဟိုတရားရုံးက တရားရေး ဝန်ထမ်းတွေကို ဘတ်ငွေ ၂ သန်း မုန့်ဘူးထဲထည့်ပြီး လာဘ်ထိုးတယ်လို့ အတိုက်အခံပါတီတွေဘက်က အမှုဖွင့်ခဲ့ပါတယ်၊ အဲဒီအမှုအတွက် တရားရုံးကသူ့ကို ထောင်ဒဏ် ၆ လ အမိန့်ချ မှတ်ခဲ့ပါတယ်။
ဒီလဆန်းပိုင်းမှာတော့ ဝန်ကြီးချုပ်ဆေထာထဝီးဆင်က ရှေ့နေဖိချစ်ကို လစ်လပ်နေတဲ့ ဝန်ကြီးများရုံး ဝန်ကြီးရာထူးနေရာမှာ ခန့်ထားလိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဟာ အရည်အချင်းမပြည့်မီသူကို ဝန်ကြီးရာထူးခန့် ထားတဲ့အတွက် ကျင့်ဝတ်ကို ချိုးဖောက်တယ်၊ နိုင်းဖိချစ်သည်လည်းပဲ အရည်အချင်းမပြည့်ဘဲ ရာထူးလက်ခံတဲ့အတွက် စစ်ဆေးအရေးယူဖို့ ထိုင်းအထက်လွှတ်တော်အမတ် ၄၀ ဦးက ဖွဲ့ စည်းပုံအခြေခံဥပဒေတရားရုံးကို တိုင်တန်းစာ ပေးပို့ ထားပါတယ်၊။
ဖွဲ့စည်းပုံအခြေခံတရားရုံးအနေနဲ့ အဆိုပါတိုင်ကြားလွှာကို လက်ခံ/မခံ ဆိုတာကို မေ ၂၃ ရက်မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။
တကယ်လို့ လက်ခံပါက အမှုစစ်ဆေးဆဲကာလ ဝန်ကြီးချုပ်မှာ တာဝန်မှယာယီဆိုင်းငံ့ခြင်း ခံရဖွယ်ရှိနေပါတယ်။ ဝန်ကြီးချုပ်ရာထူးမှ ယာယီဆိုင်းငံ့ခံရပါက သူခန့်ထားတဲ့ အစိုးရဝန်ကြီးများအဖွဲ့ကြားမှာလည်း ကသောင်းကနင်းတွေ ဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံရေးလေ့ လာသုံးသပ်သူတွေက ပြောပါတယ်။
ဖိချစ် ဝန်ကြီးရာထူးက နုတ်ထွက်တာနဲ့ ပတ်သက်ပြီး အီတလီနိုင်ငံကိုရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ဆေထာက သိရှိပါကြောင်း၊ တိုင်းပြည်မှာစီးပွါးရေး၊ ဖွံ့ဖြိုးရေးကိစ္စတွေများနေတဲ့ ကြားထဲ သူ့ရဲ့ရာထူးကိစ္စကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေလိုတဲ့အတွက် နုတ်ထွက်တာဖြစ်တယ်၊ တိုင်းပြည်အရေးအတွက် ဒီလိုစွန့်လွှတ်ရဲတဲ့သူ့ကို ကျေးဇူးတင်ပါတယ်၊ သူဟာ ဖွဲ့စည်းပုံ အခြေခံတရားရုံးကိုလည်း ဝန်မပိစေချင်ဘူးလို့ ပြောသွားပါတယ်။
Source: Thai-PBS