Home
နိုင်ငံတကာ
အိုင်အိုဝါတွင် လေဆင်နှာမောင်းတိုက်ခတ်ပြီး လူအချို့သေဆုံး၊ အဆောက်အအုံများ ပျက်စီး
DVB
·
May 22, 2024
IowaTornado_22052024

အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ ဂရင်းဖီးလ်ဒ်မြို့မှာ မေ ၂၁ ရက်က ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ လေဆင်နှာမောင်း ၁၂ ကြိမ်အထိ တိုက်ခတ်ပြီးတဲ့နောက် ပျက်စီးသွားတဲ့ အဆောက်အအုံတွေနဲ့ တခြားအပျက်အစီးတွေကို တွေ့ရပါတယ်။

နေအိမ်တွေ အပိုင်းပိုင်းအစစ ဖြစ်ခဲ့ပြီး အပျက်အစီးတွေ နေရာအနှံ့ ပြန့်ကျဲနေတဲ့အပြင် လေအားလျှပ်စစ်တာဘိုင်ကြီးတွေ အတော်များများ ပြိုလဲသွားတဲ့ အပျက်အစီး လမ်းကြောင်းကြီးကို တွေ့ရပါတယ်။

“ဒီလေဆင်နှာမောင်းကြောင့် သေဆုံးသူ အများအပြားရှိတယ်ဆိုတာ ကျနော်တို့ အတည်ပြုနိုင်ပါတယ်” လို့ အိုင်အိုဝါပြည်နယ် ကင်းလှည့်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အဲလက်စ် ဒင်ကလာက ဂရင်းဖီးလ်ဒ်မြို့ ညနေခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်ကိုတော့ မဖော်ပြနိုင်သေးပါဘူး။

လူပေါင်း ၂,၀၀၀ လောက်နေတဲ့ ဂရင်းဖီးလ်မြို့မှာ အနည်းဆုံး လူတဒါဇင်လောက် ဒဏ်ရာရခဲ့တယ်လို့ ဒင်ကလာက ပြောပါတယ်။

မုန်တိုင်းကြောင့် ဒေသန္တရဆေးရုံ ပျက်စီးသွားပြီး ဒဏ်ရာရသူတွေကို အနီးနားမြို့တွေမှာရှိတဲ့ ဆေးရုံတွေဆီ လွှဲပြောင်းပေးခဲ့ရပါတယ်။

လေဆင်နှာမောင်းတိုက်လို့ ဓာတ်အားလိုင်းတွေနဲ့ လေအားလျှပ်စစ်တာဘိုင်တွေ ပျက်စီးခဲ့တယ်လို့ ဒေသတွင်းမီဒီယာက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မုန်တိုင်းတွေကြောင့် အိုင်အိုဝါပြည်နယ်က သုံးစွဲသူ ၆၁,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ PowerOutage.us က ပြောပါတယ်။

မင်နီဆိုတားနဲ့ ဝစ္စကွန်ဆင်ပြည်နယ်တို့ရဲ့ အစိတ်အပိုင်းတွေ အပါအဝင် အိုင်အိုဝါနဲ့ အနောက်အလယ်ပိုင်းပြည်နယ် အများအပြားအတွက် လေဆင်နှာမောင်းသတိပေးချက်တွေနဲ့ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းဆိုင်ရာ အကြံပေးချက်တွေကို အမျိုးသားမိုးလေဝသဌာနက အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂါနေ့အစောပိုင်းမှာ မင်နီဆိုးတားပြည်နယ် ရိုးလင်းစတုန်းမြို့မှာ အနည်းဆုံး လေဆင်နှာမောင်းတခု ဖြစ်ပေါ်ခဲ့တယ်လို့ မိုးလေဝသဌာနက အတည်ပြုခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013