ကရင်နယ်ခြားစောင့်တပ်/ ကရင်အမျိုးသားတပ်မတော် (BGF/KNA)နဲ့ ဗိုလ်မှူးကြီး စောချစ်သူတို့ရဲ့ ရာဇဝတ်စီးပွားကွန်ရက်တွေနဲ့ ပတ်သက်ပြီး Justice For Myanmar အဖွဲ့က မေ ၂၂ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ကရင် BGF/KNA တပ်၊ ဗိုလ်မှူးကြီးစံမြင့် (ခ) စောချစ်သူနဲ့ သူ့ရဲ့ မိသားစု အပါအဝင် ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေနဲ့ ကွန်ရက်တွေကို နိုင်ငံတကာ အစိုးရတွေအနေနဲ့ တညီတညွတ်တည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေ အမြန်ဆုံး ချမှတ်လုပ်ဆောင်ဖို့လည်း Justice For Myanmar က တောင်းဆိုပါတယ်။
ကရင် BGF/KNA တပ်ဟာ စစ်ရာဇ၀တ်မှုမြောက်တဲ့ ချိုးဖောက်မှုတွေ ကျူးလွန်နေပြီး ဒီအထဲမှာ အရပ်သားတွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ ညှဉ်းပန်းနှိပ်စက်၊ မတရားဖမ်းဆီး၊ အဓမ္မပေါ်တာဆွဲ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ အဓမ္မ စစ်သားစုဆောင်း၊ အဓမ္မလုပ်အားပေးခိုင်းစေ၊ အတင်းအကျပ် နေရာရွှေ့ပြောင်းစေတာ၊ ငွေညှစ်တာနဲ့ မြေသိမ်းတာတွေ ပါဝင်သလို မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေမှာလည်း ပါဝင်ကျူးလွန်တဲ့အဖွဲ့ဖြစ်တယ်လို့ အစီရင်ခံစာမှာ စွပ်စွဲဖော်ပြထားပါတယ်။
ဒါ့အပြင် ကမ္ဘာတဝန်း လူကုန်ကူးခံရတဲ့ အလုပ်သမားတွေနဲ့ လည်ပတ်နေတဲ့ တရားမဝင်ကာစီနိုရုံတွေ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေနဲ့ ဆိုက်ဘာလိမ်လည်မှု စင်တာတွေကိုလည်း ကရင် BGF/KNA တပ်က ကြီးကြပ်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး BGF/KNA တပ်ဖွဲ့ကတော့ ပယ်ချလိုက်ပြီး တပ်ဖွဲ့တွေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုံးဝလက်မခံကြောင်းနဲ့ ကျူးလွန်သူ ဘယ်သူ့ကိုမဆို ချက်ချင်း အရေးယူတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က DVB ကို ပြောပါတယ်။
“အပေါ်က မသိဘဲ အောက်ကလူတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ရင် ကျနော်တို့ အရေးယူ ဆောင်ရွက်မှုတွေ ရှိတယ်။ အချက်အလက် အထောက်အထားတွေလည်း အများကြီးရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူတယောက်ကို လက်ညှိုးထိုးပြီး တောက်လျှောက်အပြစ်ရှာတာ ဒီတယောက်တည်းပဲလား၊ အဲဒီလိုမျိုးပေါ့။ ကျနော်တို့မှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ဖြစ်လာရင် ကျနော်တို့ သိတာနဲ့ ဘယ်သူ့ကိုမဆို ချက်ချင်း အရေးယူတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စကို ကျနော်တို့ လုံးဝလက်မခံဘူး။ ကျနော်တို့ကလည်း စာချုပ်စာတမ်းတွေမှာလည်း ပါပြီးသား၊ အရေးယူ ဆောင်ရွက်မှုတွေလည်း လုပ်တာလည်း ခဏခဏပဲ။ ကျနော်တို့မှာ အားနည်းချက်က ဘာလဲဆိုတော့ ဖော်ပြခွင့်မီဒီယာ မရှိဘူးလေ။ လုပ်တော့ လုပ်နေတာပဲ။ အဓိက မြေပြင်မှာ တကယ်လက်တွေ့ အရေးယူခံနေရတဲ့သူတွေ အသိဆုံးပဲ။”
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာရှိတဲ့ ကျားဖြန့်လို့ ခေါ်တဲ့ တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို မေ ၁ ရက်ကစလို့ အောက်တိုဘာ ၃၁ ရက်အတွင်းထွက်ခွာဖို့ ကရင် BGF က သတိပေးစာ ထုတ်ပြန်ထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဗိုလ်မှူးနိုင်မောင်ဇော်က “နောက်တခုက ကျနော်တို့ ရွှေကုက္ကိုလ်ဒေသက ဘယ်သူမှ မဝင်ရောက်ရဘူးဆိုတဲ့ ကန့်သတ် တားမြစ်နယ်မြေ မရှိဘူး။ Open ဖွင့်ထားပေးတဲ့ နယ်မြေတခုလည်း ဖြစ်တယ်။ အဲဒီလို ဖွင့်ထားပေးတယ်ဆိုကတည်းက ကျနော်တို့က ဘာမှ ဖုံးကွယ်ထားခြင်းမရှိဘူး။ ကျနော်တို့ ဖော်ပြထားတာပဲလေ။ ဒါကတော့ တဖက်သတ် အစီရင်ခံစာရေးတဲ့အပေါ်မှာ ဖတ်ရသလိုပေါ့။ ကျနော်တို့ဆီမှာလည်း စစ်ဆေးရေးအဖွဲ့တွေ ခဏခဏ ဝင်ရောက်စစ်ဆေးနေတာ ရှိတာပဲလေ။ ဒီအပေါ်မှာ ကျနော်တို့ ထွေထွေထူးထူး အများကြီး ပြောစရာမရှိပါဘူး။ ပြန်လည်ချေပနေရင်တော့ အပြန်အလှန် အငြင်းအခုံနဲ့ပဲ အဆုံးသတ်မှာမို့လို့လေ။ ကျနော်က သတင်းမီဒီယာတွေကို ဖြေဆိုပေးတဲ့နေရာမှာ သတင်းအတည်ပြုပေးတဲ့ အနေအထားပေါ့နော်။ နိုင်ငံခြားသားတွေပြန်တဲ့အပိုင်းကျတော့ ကြီးကြပ်ကွပ်ကဲတဲ့အဖွဲ့ ရှိတယ်။ အဲဒါကတော့ ကျနော် သေချာတင်ပြ မေးမြန်းပြီးမှ ပြန်ဖြေပေးလို့ရမယ်”လို့ ပြောပါတယ်။
ပြည်သူ့စစ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ အကြီးတန်းအကြံပေးလည်းဖြစ်တဲ့ ကရင် BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့သူ့ မိသားစု အပေါင်းပါတွေဟာ စစ်အုပ်စုကို စစ်မြေပြင်ပံ့ပိုးကူညီပေးတာကြောင့် အပြန်အလှန်အားဖြင့် ရာဇဝတ်စီးပွားရေး လုပ်ငန်းတွေ တည်ထောင်စီမံခန့်ခွဲဖို့ မြေနေရာတွေအပါအဝင် စစ်အုပ်စုက ပေးအပ်ခဲ့တဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေ အကျိုးအမြတ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုစီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (ဦးပိုင်)မှတဆင့်လည်း အခွန်ဝင်ငွေ အကျိုးအမြတ်တွေရရှိပြီး နယ်ခြားစောင့်တပ်ရင်းတခုချင်းစီဟာ ရှယ်ယာတွေ ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
စောချစ်သူဟာ အနည်းဆုံး BGF/KNA တပ်ကုမ္ပဏီ ၅ ခုမှာ ရှယ်ယာ ပိုင်ဆိုင်ထားပြီး၊ ဒါရိုက်တာအဖြစ်ပါဝင်နေကြောင်း သားဖြစ်သူ စောထူးအယ်မူးက BGF/KNA ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံဝင်းကြီးနှစ်ခုအပါအဝင် ကရင် BGF/KNA တပ်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ငန်း ၉ ခုမှာ ဒါရိုက်တာအဖြစ် ရှယ်ယာတွေပိုင်ဆိုင်ထားသလို နောက်ထပ်သားတဦးဖြစ်တဲ့ စောချစ်ချစ်ကတော့ စစ်အုပ်စုနဲ့ အတူလက်တွဲတိုက်ခိုက်နေတဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေပြီး အနည်းဆုံး ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ၅ ခုမှာ ဒါရိုက်တာအဖြစ် ရှယ်ယာများ ပိုင်ဆိုင်ထားပါတယ်။
သမီးနန်းနှင်းနန္ဒာအေးဟာလည်း အနည်းဆုံး ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ၄ ခုမှာ ဒါရိုက်တာအဖြစ် ရှယ်ယာတွေပိုင်ဆိုင်ထားပြီး ဇနီးဖြစ်သူ နန်းခင်လှသူကတော့ မိသားစုစီးပွားရေးလုပ်ငန်းတွေမှာ ရှယ်ယာများပိုင်ဆိုင်တာ ဒါရိုက်တာအဖြစ် ပါဝင်ခြင်း မရှိပေမဲ့ မိသားစုတခုလုံးအနေနဲ့ဆိုရင် ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ၆ ခုရဲ့ ၅၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒိထက်ပိုပြီး ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
စောချစ်သူမိသားစုနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီလုပ်ငန်း တွေကတော့ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီလီမိတက် (၆၅ %)၊ ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီ (၆၈ %)၊ ဒေါနသန်လွင်ကုမ္ပဏီလီမိတက် (၆၀ %)၊ ထူးသစ္စာအောင်ကုမ္ပဏီလီမိတက် (၈၀ %)၊ ထူးမေတ္တာထူးကုမ္ပဏီလီမိတက် (၇၀ %)၊ ရွှေပဒေသာမြိုင်ကုမ္ပဏီလီမိတက် (၅၀ %) တို့ပါဝင်ပြီး မြန်မာစစ်အုပ်စုရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ တရားမဝင်စီးပွားရေးလုပ်ငန်းများမှတဆင့် ရရှိတဲ့ ငွေကြေးတွေနဲ့ ခမ်းနားစွာ နေထိုင်ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ KK Park ၊ Jinxin Park စတဲ့ မြဝတီမြို့အစွန်၊ အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအထက်ပိုင်း၊ သောင်ရင်းမြစ်ကမ်းပေါ်မှာ တည်ရှိတဲ့ ဆိုက်ဘာငွေလိမ်စင်တာခြံဝင်းတွေနဲ့လည်း BFG တပ်ဖွဲ့က ပတ်သက်နေတယ်လို့ဆိုပါတယ်။
ကိုးကန့်ဒေသ ၁၀၂၇ စစ်ဆင်ရေးအပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ BGF ခေါင်းဆောင် စောချစ်သူကို စစ်ကောင်စီက ဖမ်းဖို့ စီစဉ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ဘူးဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် စစ်ကောင်စီဆီကနေ လစာနဲ့ရိက္ခာ မယူတော့ဘဲ သီးခြားရပ်တည်တော့မယ်လို့ ကရင် BGF က ထုတ်ပြန်ခဲ့သလို BGF တပ်ကိုလည်း ၂၀၂၄ ခုနှစ်၊ မတ်လမှာ ကရင်အမျိုးသားတပ်မတော် (KNA) လို့ အမည်ပြောင်းလဲခဲ့ပါတယ်။
ကရင် BGF/KNA တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်ဥပဒေ ချိုးဖောက်မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ ဆက်လက်ပါဝင်ပတ်သက်နေပေမဲ့ BGF/ KNA တပ်က လူပုဂ္ဂိုလ် ၂ ဦးနဲ့ သူ့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တဦးကိုပဲ ယူကေတနိုင်ငံတည်းကသာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။
ယူကေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ကြိုဆိုပေမဲ့ အဖွဲ့ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဒါရိုက်တာတွေ၊ ရှယ်ယာရှင်တွေနဲ့ အားပေးကူညီသူတွေအပေါ် အလုံးစုံ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ ကရင် BGF/KNA တပ်ဖွဲ့တဖွဲ့လုံးအပြင်၊ အရေးပါတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဦးစားပေးပြီး အလျင်အမြန် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။
Justice For Myanmar အနေနဲ့ အစီရင်ခံစာထုတ်ပြန်ရာမှာ ၂၀၂၂-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကော်ပိုရိတ်အချက်အလက်တွေ၊ ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနဲ့ ဟောင်ကောင်က ကော်ပိုရိတ်အချက်အလက်တွေ၊ လျှို့ဝှက်ပေါက်ကြားလာတဲ့ မြန်မာအခွန်စာရွက်စာတမ်းတွေ၊ Distributed Denial of Secrets မှတ်တမ်းတွေ အပါအဝင် ဆိုက်ဘာလိမ်လည်ခံရသူတွေအကြောင်း ရေးသားထားတဲ့ လူမှုကွန်ရက်ပို့စ်တွေ၊ ကုမ္ပဏီဝဘ်ဆိုဒ်တွေ၊ ဂြိုလ်တုဓာတ်ပုံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေရဲ့ သတင်းတွေကို အသုံးပြုထားတာလို့ သိရပါတယ်။