Home
မြန်မာသတင်း
ကျုံအိတ်တံတားပြင်သည့်အဖွဲ့ ထပ်မံတိုက်ခိုက်ခံရ၊ တံတားဖြတ်ရန် စောင့်နေသည့် ကားသမား ၁ ဦး အောက်ဆီဂျင်ပြတ် သေဆုံး
DVB
·
May 22, 2024
KyonEaitBridge_22052024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာရှိတဲ့ ကျုံအိတ်တံတား ပြုပြင်တဲ့အဖွဲ့ ၃ ရက်ဆက် ဒရုန်းနဲ့ တိုက်ခိုက်ခံရသလို မိုးရွာသွန်းမှုကြောင့် ကျုံအိတ်တံတားဘေးက လမ်းလွှဲမှာ ကားတွေဖြတ်သန်းဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို ပြုပြင်နေတဲ့အဖွဲ့ မေ ၁၉ ရက်ကနေ ၂၁ ရက်အထိ ၃ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံခဲ့ရတယ်လို့ ရွှေရောင်ပြရွာသားတဦးက ပြောပါတယ်။

“၁၉ ရက်နေ့တည်းက ဒရုန်းတွေပျံနေတာ ဒီနေ့ထိပဲ။ ပထမနေ့က ၂ လုံး‌ကြဲချခံရပြီး နောက်တနေ့တော့ ၅ လုံးကြဲချခံရတယ်။ မနေ့ကလည်း ကြဲချခံရတယ်ဆိုပေမဲ့ အတိအကျတော့ မသိဘူး။ လယ်ကွင်းတွေထဲကျတာဆိုတော့ ထိခိုက်မှုတော့မရှိဘူး။ တံတားလုပ်ငန်းကတော့ လုပ်ဖို့လာလိုက်၊ ဒရုန်းနဲ့ကြဲခံရတာဆိုတော့ သိပ်အလုပ်ဖြစ်မယ်မထင်ဘူး။”

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီး အောင်ကြည်သိန်းက တံတားကို အခုလမကုန်ခင် အပြီးတည်ဆောက်ဖို့ ပြောထားပေမဲ့ ဒရုန်းနဲ့ တိုက်ခိုက်နေတာကြောင့် တည်ဆောက်ဖို့ ခက်ခဲနေတယ်လို့ လမ်းအလုပ်သမားတွေထံက သိရပါတယ်။

အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ကျုံအိတ်တံတားဘေးမှာ ဖောက်ထားတဲ့ ယာယီလမ်းလွှဲဟာ မြေသားပျော့ပြီး ကားတွေဖြတ်သန်းဖို့ ခက်ခဲနေတယ်လို့ ကားသမားတဦးက ပြောပါတယ်။

“ချောင်းနေရာမှာ လမ်းလုပ်ထားတာဆိုတော့ မိုးသိပ်မရွာသေးတာတောင် လမ်းက ဗွက်ထပြီး သွားလို့လာလို့ မကောင်းတော့သလို အချိန်လည်းပိုကြာတယ်။ မိုးများတဲ့အချိန်မရောက်ခင် ယာယီတံတား မဆောက်ရသေးရင်တော့ လုံးဝ ဖြတ်လို့ရတော့မှာမဟုတ်ဘူး။ ပြီးမယ်လို့တော့ မထင်ဘူး၊ ခုတောင် ဒရုန်းတွေ ကားတွေပေါ်က ဖြတ်ပျံနေတာ။ ကိုယ့်အပေါ် မကျပါစေနဲ့ ဆုတောင်းနေရတယ်။”

မေ ၁၉ ရက် နေ့လယ်ပိုင်းကတည်းက ကျုံအိတ်တံတားကိုဖြတ်ဖို့ စောင့်နေတဲ့ ကုန်ကားယာဉ်မောင်းတယောက်လည်း မေ ၂၀ ရက် မနက်က အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တယ်လို့ ကားသမားတဦးက ပြောပါတယ်။

“သူက ကားခေါင်းခန်းထဲမှာပဲ အိပ်တာ။ စပယ်ယာက ကားအောက်မှာအိပ်တာ။ မနက် စပယ်ယာက ကားထွက်ဖို့ သွားနှိုးတော့ နှိုးမရတော့လို့ အရေးပေါ်ခေါ်လိုက်တာ။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်တော့ သေနေပြီ။ ခုထိတော့ အသက်ရှူကျပ်ပြီး သေတယ်လို့ပဲ သိထားတယ်။”

ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “ကားသမားကို နှိုးလို့ မရတော့ဘူး ဆိုပြီး ကျနော်တို့ကို အကြောင်းကြားတဲ့အချိန် မနက် ၇ နာရီကျော်နေပြီ။ ကျနော်တို့ရောက်တော့ ကားသမားက သေတောင်သေနေပြီ။ ပြင်ပဒဏ်ရာတော့ မရှိဘူး၊ အသက်ရှူကျပ်ပြီး သေတာ‌ပါ။ ကားဖြတ်ဖို့စောင့်နေရင်း ကုန်ကားခေါင်းထဲမှာ အိပ်နေရင်း အသက်ရှူကျပ်တဲ့ လက္ခဏာနဲ့ သေတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၅ ရက်ကလည်း ကျုံအိတ်တံတားအနီး ကမာဆိုင်ကျေးရွာ ရွှေညောင်ပင် ပရိယတ္တိစာသင်တိုက်အရှေ့မှာ ရပ်ထားတဲ့ကားပေါ် Drop Bomb ကျပြီး အံစာတုံး ခရီးသည်ကားတစီး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးမှာ မေ ၁၁ ရက်က မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတားကို မေ ၁၃ ရက် မနက်မှာ ရွှေသံလွင်ကုမ္ပဏီ ဝန်ထမ်းတွေက လာရောက်ပြုပြင်တဲ့အချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013