Home
မြန်မာသတင်း
ကျွန်းစုတွင် အများပိုင်ဘောလုံးကွင်း၌ တရားမဝင် ခဲသတ္တုတူးဖော်နေ
DVB
·
May 23, 2024
kyune 2352024

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာအုပ်စု၊ ယမုံရွာဘောလုံးကွင်းမှာ တရားမဝင် ခဲသတ္တုတူးဖော် လုပ်ကိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါဘောလုံးကွင်းကို ဦးမောင်ရှည် ဆိုသူက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲစခန်းကို လာဘ်ထိုးပြီး တရားမဝင် ခဲသတ္တုလုပ်ကိုင်လာတာ ၅ လခန့် ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ယမုံရွာဘောလုံးကွင်းဟာ အလျား ၂၀၀ ပေနဲ့ အနံ ပေ ၁၅၀ ရှိပြီး အများပြည်သူပိုင်အဖြစ် သတ်မှတ်ကာ ဒေသခံတွေ လေ့ကျင့်ခန်းလုပ်တဲ့နေရာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတဦးက “ဦးမောင်ရှည်က ဘောလုံးကွင်းမှာ ခဲမိုင်းလုပ်ဖို့အတွက် ပဲ့တိုင်ကျေးရွာအုပ်စုက အုပ်မှူးတွေကို သိန်း ၅၀ ပေးရတယ်။ ယမုံရွာက အုပ်မှူးတွေကို တလ ၅ သိန်းပေးရတယ်။ သဇင်ကျေးရွာ ရဲစခန်းကို သိန်း ၂၀ ပေးရတယ်” လို့ ပြောပါတယ်။

အဆိုပါ တရားမဝင် ခဲမိုင်းလုပ်ကိုင်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေက သဇင်ရဲစခန်းကို တိုင်ကြားထားပေမဲ့ တစုံတရာ အရေးယူဆောင်ရွက်တာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ဘယ်နေရာတိုင်တိုင် သူတို့က မကြောက်ဘူးလို့ ပြောတယ်။ တိုင်ကြားတဲ့ ဒေသခံတွေကိုလည်း ဖိနှိပ်ထားတာ။ သူတို့ခဲမိုင်းက တလကို ၃ တန်လောက်ထွက်တယ်” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင်တုန်းက ယမုံရွာမှာ ခဲသတ္တုတူးဖော်နေတဲ့ ထိုင်းပိုင် ငွေကမ္ဘာကုမ္ပဏီနဲ့ တရုတ်ပိုင် ရွှေပင်လယ်ကုမ္ပဏီအပြင် တနိုင်တပိုင် ခဲမိုင်း ၂၀ ကျော်လောက်သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ တနိုင်တပိုင် ခဲမိုင်း ၃၁၂ ခုအထိ ရှိလာတယ်လို့ ခဲမိုင်းလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013