Home
မြန်မာသတင်း
ပုလဲတွင် အရေပြားနှင့်ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေ၊ သောက်ရေနှင့်ဆေးဝါး အရေး ပေါ်လိုအပ်
DVB
·
May 23, 2024
PaleTsp_31012024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အပူချိန်လွန်ကဲပြီး ရေရှားပါးလာတာကြောင့် အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်ပွားနေပြီး သောက်သုံးရေနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေပါတယ်။ 

မေလလယ်ကစပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပူချိန်လွန်ကဲနေတာကြောင့် သောက်သုံးရေရှားပါးမှုပြဿနာနဲ့ ကြုံတွေ့နေရတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ အဆိုးရွားဆုံး ဖိအားပေးတိုက်ခိုက်ခံခဲ့ရတဲ့ ပုလဲမြို့နယ်မှာ သောက်သုံးရေပြတ်လပ်နေပြီး အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မေလအတွင်းမှာ စစ်ကိုင်းတိုင်း မြို့တော်မုံရွာရဲ့ အပူချိန်ဟာ ၄၄ ဒီဂရီစင်တီဂရိတ်နဲ့ အထက်မှာ ရှိနေခဲ့တာပါ။ အညာဒေသဟာ နှစ်စဉ်သောက်သုံးရေရှားပါးတဲ့ပြဿနာကို ရင်ဆိုင်ခဲ့ရပြီး အာဏာမသိမ်းခင်တုန်းက ပြည်သူအချင်းချင်း ကူညီနိုင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကူညီသူမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ပုလဲဒေသခံတဦးက “ရေခပ်ရတာ တော်တော်ဝေးဝေးကို သွားခပ်ရတာပါရှင့် နေတဲ့နေရာနဲ့ ဆိုရင်တော့။ တခါတခါ ခပ်ပြီဆိုရင်လည်း ၁ နာရီ ၂ နာရီလောက် စောင့်ပြီးတော့ ခပ်ရပါတယ်။ နေပူဒဏ်တွေ မတရားပြင်းလာတဲ့အခါကြတော့ ချွေးထွက်တွေများတယ်၊ ခေါင်းတွေမူးတယ်၊ ကလေးတွေဆိုရင်လည်း ဝမ်းပျက်ဝမ်းလျောတွေဖြစ်ပါတယ်ရှင့် ရေကမသန့်တဲ့ အတွက်ကြောင့်မို့လို့။ တော်တော်တော့ ဝေးပါတယ်သွားရတာ။ ၂ နာရီ ၃ နာရီလောက်တော့ ကြာပါတယ်ရှင့်။ ဆိုင်ကယ်နဲ့ဆိုရင်တော့ တနာရီပါပဲ။ ခြေလျင်နဲ့ဆိုရင်တော့ ၂ နာရီလောက်ကြာပါတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း မြို့နယ် ၃၇ ခုမှာ အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နေအိမ် ၆ သောင်း ဝန်းကျင် မီးလောင်ပျက်စီးခဲ့တာ၊ သောက်သုံးရေနဲ့ ရိက္ခာရင်းမြစ်တွေ ဖျက်ဆီးခံရတာ၊ သစ်တော အလွန်အကျွံခုတ်ယူတာတွေကြောင့် ရာသီဥတုပူလာချိန်မှာ ဒေသခံပြည်သူတွေဟာ အရင်နှစ်တွေထက် အခက်အခဲပိုကြုံနေရတာပါ။

ပုလဲဒေသခံ နောက်တဦး‌က “ကျမတို့ဆီကတော့ ရေတအားရှားနေတာပဲ၊ ရေတအားခက်ခဲနေတယ်၊ နေကလည်းပူ၊ လူတွေလည်းဒုက္ခတွေရောက်၊ ရေကရှား အဲ့လိုတွေဖြစ်နေတာပဲ။ ကျမတို့မှာ နေပူကြီးမှာ ထိုင်ပြီးစောင့်ပြီးမှ အလှည့်ကျခပ်ရတာ၊ ချိုးရေကြတော့လည်း မကောင်းဘူး ချောင်းကြိုချောင်းကြားထဲ ရေတွေမကောင်းတော့ အနာတွေပေါက်၊ အဖိန့်တွေပေါက်၊ ကလေးတွေဆို ဝဲတွေလိုဘာတွေပေါက်တာပဲ၊ မိုးကလည်းမရွာတဲ့အခါကြတော့ ရေက တော်တော့်ကိုရှားနေတယ်။ သောက်ရေတောင် ဒီလိုလေး အလှည့်ကျနဲ့ စောင့်ခပ်ရတာပါ။ တောတောင် တခုလုံးပြောပါတော့ ရေကတော့ တော်တော်လေးရှားနေတယ်။ အနားမှာတော့ တွင်းလေးတွေ ဒီလိုပဲစစ်ပြီးတော့ ဒီလိုပဲသောက်ရတာ။ ဒီလိုတွင်းတွေကကြတော့ သောက်ရေပဲရတာဆို‌တော့ ချိုးရေက မရဘူးလေ။ ရေတွင်းရေကန်လေးတွေရှာပြီး ချိုးပြန်တော့လည်း ရေကမကောင်းဘူးလေ။ အနာတွေကလည်း ကလေးတွေဆိုရင် ဝဲလေးတွေလိုပဲပေါက်တာ။ အဖိန့်တွေပေါက်တာပါ” လို့ ပြောပါတယ်။

Data For Myanmar အဖွဲ့ရဲ့ ၂၀၂၄ ဧပြီလကုန်အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက မီးရှို့တာကြောင့် နိုင်ငံတဝန်းမှာ နေအိမ် ၈၈၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အဲ့ဒီအထဲက အိမ်ခြေ ၆၀၀၀၀ ဝန်းကျင်ဟာ စစ်ကိုင်းတိုင်းထဲက ဖြစ်ပါတယ်။ 

စစ်ကောင်စီက စစ်ကြောင်းတွေဆက်ထိုးနေတာ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေတာတွေကြောင့် ဒေသတွင်း အကူအညီပေးတဲ့ အဖွဲ့တွေဟာ အရေးပေါ်နေရာတွေကို ဦးစားပေးနေရပြီး ရေရှားပါးတာနဲ့ ဆေးဝါးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ခက်ခဲနေပါတယ်။

ပုလဲဒေသခံကာကွယ်ရေးအဖွဲ့မှ သခင်ဒေါင်းညိုက “အညာမြေဒေသတွေမှာ ရေပြတ်လပ်မှု၊ ရေရှားပါးမှုဒဏ်တွေကြောင့် ရရာရေတွေ၊ ချောင်းရေတွေ၊ ကန်ရေတွေ သုံးစွဲနေရတဲ့အတွက် အရေပြားရောဂါတွေ၊ အဖုအပိန့်ထတာတွေ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တာတွေ အများဆုံး ကျနော်တို့ တွေ့မြင်နေရတယ်” လို့‌ ပြောပါတယ်။

၂၀၂၃ မေလတုန်းကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်း သဘာဝဘေးဒဏ်ကြောင့် စစ်ကိုင်းဒေသတွင်း ပြည်သူတွေ အခက်အခဲကြုံခဲ့ရပြီး အခုနှစ်မှာလည်း မုတ်သုန်အဝင် ရူမယ်မုန်တိုင်း ထပ်မံတိုက်ခတ်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာလူသားစာနာအဖွဲ့တွေက မြန်မာပြည်သူတွေကို အကူအညီပေးဖို့ ကြိုးစားမှုတချို့ရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ကန့်သတ်ချက်တွေကြောင့် မြေပြင်မှာ တကယ်လိုအပ်နေသူတွေဆီကို အကူအညီတွေ လက်ရှိအချိန်အထိ မရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013