Home
မြန်မာသတင်း
ရေဇွာမြို့အပါအဝင် ဇုံတုန်နယ်မြေတခုလုံး စစ်ကောင်စီယန္တရား ကင်းစင်
DVB
·
May 23, 2024
Yay-Zwa

ချင်းပြည်နယ်၊ ရေဇွာမြို့ အပါအဝင် ဇုံတုန်နယ်မြေတခုလုံးဟာ စစ်ကောင်စီရဲ့ ယန္တရားအားလုံး ကင်းစင်သွားတဲ့ လွတ်မြောက်ဒေသ ဖြစ်နေပြီလို့ Chinland Defense Force (Zotaung) က ပြောပါတယ်။

မတူပီမြို့နယ်၊ ရေဇွာမြို့မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဇုံတုန်လူမျိုးစုတွေ နေထိုင်ရာ နယ်မြေတခုလုံးဟာ စစ်ကောင်စီရဲ့ ယန္တရားအောက်ကနေ လွတ်မြောက်သွားတာဖြစ်တယ်လို့ CDF (Zotaung) ရဲ့ တပ်ရင်းမှူးတဦးက ပြောပါတယ်။

“ကျနော်တို့ ဇုံတုန်နယ်မြေတခုလုံး လွတ်မြောက်ဖို့ မနည်းကြိုးစားခဲ့ရတာပေါ့။ ရေဇွာမြို့က တပ်စခန်းကို သိမ်းပိုက်ဖို့ဆိုရင် ၂၀၂၁ အောက်တိုဘာလကတည်းက ပထမဆုံး စစ်ဆင်ရေး လုပ်ခဲ့တယ်။ လက်နက်အင်အားမမျှလို့ မလုံလောက်လို့ ဆုတ်ပေးခဲ့ရတယ်။ ၂၀၂၃ နိုဝင်ဘာလမှာ ဒုတိယအကြိမ် ပြန်တိုက်တယ်။ နိုဝင်ဘာ ၂၉ ရက်နေ့မှာ လုံးဝ သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။ ကျနော်တို့ ဇုံတုန်နယ်တခုလုံး စစ်ကောင်စီ လုံးဝကင်းစင်သွားပြီ။ ရေဇွာမြို့ ရပြီးကတည်းက ကျနော်တို့ ဇုံတုန်နယ်တခုလုံးဟာ လွတ်မြောက်သွားတာပေါ့။”

ရေဇွာမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ရေများစွာ ပြုလုပ်ခဲ့တာကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အဦ၊ ဆေးရုံဆေးပေးခန်း အပါအဝင် ပြည်သူ့အိုးအိမ် ၆၀ ဝန်းကျင် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကို ပြည်သူတွေမှာ လက်ရှိအချိန်ထိ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

“၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ တိုက်ခိုက်တယ်။ ရဟတ်ယာဉ် သုံးလေးစင်း သုံးပြီးလည်း ထောက်ပို့လုပ်တယ်။ တိုက်လည်းတိုက်ခိုက်တယ်။ ကျနော်တို့ စစ်ကောင်စီနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ပြည်သူ ၂၀ ကျော် ထိခိုက်တယ်။ လေကြောင်းတိုက်ခိုက်မှာကြောက်လို့ တချို့လူတွေ ရေဇွာမြို့ပေါ်မှာ ပြန်လာမနေကြတာ ရှိတယ်။ တခြား ဇုံတုန်ကျေးရွာတွေမှာတော့ ပြည်သူတွေနေထိုင်မှုကတော့ အဆင်ပြေတယ်။”

ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဟာ နွေဦးတော်လှန်ရေးရဲ့ ၃ နှစ်ကျော်ကာလအတွင်း ရေဇွာ၊ လိုင်လင်းပီ၊ နရိန်၊ ရိခေါဒါရ်၊ ကျီခါး၊ တွန်းဇံ၊ ဝေဘူလ၊ ကျင်ဒွေး၊ ဆူရ်ခွားနဲ့ မကွီးအိမ်နူး စတဲ့ မြို့ပေါင်း ၁၀ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

ခွန်‌ဇော်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024