Home
မြန်မာသတင်း
ကရင်နီတွင် ပထမဆုံးဆေးကောလိပ်ဖွင့်ရန်ပြင်၊ တအာင်းပညာရေးကောင်စီက ဆရာ/မ စွမ်းရည်မြှင့် သင်တန်းဆင်း
DVB
·
May 23, 2024
edu 7
edu 6
edu 5
edu 4
edu 3
edu 2
edu 1

ကရင်နီပြည်နယ်မှာ ပထမဆုံးအနေနဲ့ ဆေးကောလိပ်ဖွင့်ဖို့  သက်ဆိုင်ရာ ဆေးပညာရှင်တွေနဲ့ ဆရာဝန်တွေ ပူးပေါင်းပြီး ပြင်ဆင်နေကာ ပထမအဆင့်အနေနဲ့ ဝင်ခွင့်စာမေးပွဲ စစ်ပြီးခဲ့ပြီလို့ ကရင်နီဆေးကောလိပ် ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဒေါက်တာမျိုးခန့်ကိုကိုက မေ ၂၃ ရက်မှာ ပြောပါတယ်။

“ဆေးကောလိပ်ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက် ၃ ချက်ရှိတယ်။ ပထမအချက်က ဖက်ဒရယ်လို့ သွားနေတဲ့နေရာတွေမှာ အဆင့်မြင့်တက္ကသိုလ် ရှိရမယ်လို့ ယူဆတယ်။ အဲ့ထဲမှာ ဆေးကောလိပ်တခုလည်း အပါအဝင် ဖြစ်တယ်ပေါ့။ ဒုတိယက ဒီမှာ တကယ်တော်တဲ့ တတ်တဲ့ ကလေးတွေ ရှိတာကို သိရတယ်။ ဒါပေမဲ့ သူတို့မှာ အနာဂတ်တွေ ဆုံးရှုံးနေရတယ်ပေါ့။ ဒီလိုလူငယ်တွေအတွက် တော်လှန်ရေးကာလမှာပဲ ဆေးကောလိပ် လုပ်မယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့တာပေါ့။ တတိယအချက်က ကရင်နီမှာ ဆရာဝန်အရင်းအမြစ် နည်းတယ်ပေါ့။ ကျန်းမာရေးအတွက် Human resource လိုအပ်တာကြောင့် ဆေးကောလိပ်ကို တည်ထောင်ခဲ့ကြခြင်း ဖြစ်တယ်ပေါ့။ အခုကတော့ ပထမအဆင့် ပြီးပြီပေါ့။”

ဝင်ခွင့်အနေနဲ့ မေ ၉ ရက်ကနေ ၁၁ ရက်အထိ ၃ ရက် ပြုလုပ်ခဲ့ကာ ကရင်နီပြည်ဖွား သို့မဟုတ် ကရင်နီမှာ နေထိုင်နေတဲ့ တိုင်းရင်းသားလူငယ်တွေကို ရည်ရွယ်ပြီး အသက် ၁၇ နှစ်ကနေ အသက် ၃၀ ကြားရှိ ပညာရေးကို စိတ်ဝင်စားတဲ့သူတွေကို ပထမနှစ်အတွက် လူခေါ်တဲ့စာရင်း ပြီးသွားပြီလို့ သိရပါတယ်။

အထက်တန်းအောင်မြင်ထားတဲ့သူတွေ၊ ခုလက်ရှိ NUG ကပြုလုပ်တဲ့ အထက်တန်း အောင်မြင်ထားသူတွေ၊ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီသူတွေကို ဝင်ခွင့်စာမေးပွဲစစ်ပြီး ရေးဖြေစာမေးပွဲ၊ ကိုယ်ရေးရာဇဝင် အချက်အလက်တွေနဲ့ လူတွေ့အင်တာဗျူး ဖြေဆိုကာ သတ်မှတ်စံချိန်နဲ့ ကိုက်တဲ့သူတွေကို အအောင်ပေးခဲ့ပြီး အယောက် ၈၀ ထဲကနေ ၃၇ ယောက်ကို တက်ရောက်ဖို့ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်နယ်ကလူတွေကို အဓိကထား ခေါ်ယူခဲ့ပြီး တက်ရောက်ခွင့်ရရှိသူတွေက ကရင်နီပြည် တိုးတက်ရေးအတွက် အနည်းဆုံး ၃ နှစ် တာဝန်ပြန်လည်ထမ်းဆောင်ပေးဖို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ပထမနှစ်အနေနဲ့ ကျောင်းတက်ခွင့်ကို ၂၀၂၄ ခုနှစ်ထဲမှာ စတင်ဖွင့်လှစ်မယ်လို့ဆိုကာ ကာလရှည်ကြာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ဆေးကောလိပ်တခုအဖြစ် ရှိနေအောင် ကြိုးစားသွားမယ်လို့ သိရပြီး နောက်နှစ်တွေမှာလည်း ကရင်နီပြည်နယ်က လူငယ်တွေအပြင် အနယ်နယ်အရပ်ရပ်က ဦးတည်ချက်တူတဲ့သူတွေကို ခေါ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ရှမ်းမြောက် တပ်မဟာ ၂ စစ်ဒေသ၊ တအာင်းပြည် နမ့်ဆန်မြို့မှာတော့ မေ ၂၂ ရက်က တအာင်းပညာရေးကောင်စီ (TLEC) ဆရာ/မ စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။ 

သင်တန်းဆင်းပွဲကို ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်နဲ့အတူ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်တို့ တက်ရောက်ခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တအာင်းပညာရေးကောင်စီ (TLEC) ရဲ့ ဆရာ/မ စွမ်းရည်မြှင့်သင်တန်း အပတ်စဥ် ၃ ကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး  ဆရာ/မ ဦးရေ ၄၀၀ ကို တလကြာ သင်တန်းပို့ချပေးခဲ့  ပါတယ်။

Photo- PSLF/TNLA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013