Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ကျဆင်း
DVB
·
May 23, 2024
Myawaddy-Trade-Zone_28022024

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ တိုက်ပွဲတွေနဲ့ မိုးရွာသွန်းမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး ထိုင်းကုန်သည်တွေဆီ အချိန်မီ ကုန်စည်တွေ မပို့နိုင်တာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုတွေ ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကစပြီး မြန်မာ-ထိုင်းနယ်စပ်ကို အဓိက ကုန်စည်စီးဆင်းနေတဲ့ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ထို့ကော်ကိုးလမ်းပိုင်းကနေ ဒေါနတောင်ကို ဖြတ်သန်းပြီး မြဝတီမြို့ကို ကုန်စည်တွေ သယ်ယူပို့ဆောင်နေတာပါ။

လက်ရှိမှာလည်း မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတဲ့အပြင် ရန်ကုန်-ဘားအံ လမ်းပေါ်က ကျုံအိတ်တံတား ဖျက်ဆီးခံရသလို မေ ၂၃ ရက် မနက်ပိုင်းက ဘီးလင်းမြို့အနီးက မစောတံတား ထပ်မံ မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

ကုန်သည်လုပ်ငန်းရှင်တဦးက “လမ်းပျက်သွားရင် ကုန်တွေပြတ်သွားတယ်၊ ရပ်တန့်သွားတယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့် တဖက်နိုင်ငံရောင်းဖို့ ဈေးဆိုင်ထားတဲ့ ဟာတွေဆိုလည်း လာလို့မရဘူးလေ။ အခက်အခဲတွေက အများကြီးပဲ။ ထိုင်းနိုင်ငံဘက်က ကုန်သည်တွေနဲ့ စကားပြောရတာက လမ်းကြောမှာကြာတာတို့။ နောက်ပြီး ပစ္စည်းအချိန်မီ မပို့နိုင်တာတို့။ တဖက်နိုင်ငံကနေ ပြည်တွင်းကို ငွေပြန်လွှဲတဲ့အခါကျရင် ခက်ခဲတာတွေ ရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကုန်သွယ်မှု အခွန်ပေါ်လစီကို ၇ လအတွင်း မူဝါဒ ၄ ကြိမ် ပြောင်းလဲသတ်မှတ်ခဲ့လို့လည်း ကုန်သည်တွေ ပိုလို့ အခက်အခဲ ကြုံခဲ့ရပါတယ်။

မြန်မာ-ထိုင်း ကုန်သွယ်မှုအနေနဲ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို လယ်ယာထွက်ကုန်တွေ၊ ရေထွက်ကုန်တွေကို အဓိကတင်ပို့နေတာပါ။

ထိုင်းနိုင်ငံကနေ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လယ်ယာသုံးစက်နဲ့ စက်အပိုပစ္စည်းတွေ၊ ဆေးဝါး၊ အထည်အလိပ်၊ အလှကုန်၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်တင်သွင်းပါတယ်။

လက်ရှိ မိုးဦးကာလ ဒေါနတောင်ပေါ် လမ်းပန်းပျက်စီးတာတွေကြောင့် ကုန်စည်တင်ယာဉ်တွေဟာ မတော်တဆဖြစ်တာတွေ ရှိတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

ကုန်တင်ယာဉ်မောင်းတဦးက “မိုးရွာရင်တော့ သွားလို့မရဘူး။ မိုးနည်းနည်းတိတ်ပြီး ခြောက်သွားမှ ပြန်တက်ရတယ်။ စောင့်ရတယ်။ မိုးရွာရင် ဗွက်ထတယ်။ စလစ်ဖြစ်တယ်။ ကားကြီးတွေ တော်တော်များများ မတော်တဆဖြစ်တယ်။ ကားလေးက သိပ်မရှိဘူး။ မိုးရွာတဲ့အချိန် နားရတယ်” လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို  အဓိက တင်ပို့နေတဲ့ ပြည်တွင်းထွက် စားသောက်ကုန်တွေဟာ ကုန်စည်တပိဿာကို ကျပ် ၅၀၀ ကနေ ကျပ် ၁,၀၀၀ အထိ မြင့်တက်နေပါတယ်။

မြဝတီမြို့မှာ စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုဟာ မဲဆောက်မြို့အထိ အကျိုးသက်ရောက်မှု ရှိတယ်လို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။

နယ်စပ်ကုန်သည်တဦးက “တံတားကျိုးတာနဲ့ မြဝတီရောက်တဲ့ကုန် မဝင်ဘူး။ မြဝတီရောက်တဲ့ကုန်က ဈေးတက်သွားပြန်ပြီ။ တံတားသွားရတယ် မရဘူးက မသေချာသေးဘူး။ ကားသမားတွေက ပိတ်သွားပြီဆိုတာနဲ့ ဒီဘက်ရောက်ပြီးသားကုန်က ဈေးတက်သွားပြီ။ အကျိုးသက်ရောက်မှုက မြဝတီကတက်နေရင် မဲဆောက်ကလည်း တက်သွားတာပဲ” လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်တွေကနေ ကုန်သွယ်မှုပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုအနေနဲ့ ၅,၃၆၇ ဒသမ ၁၉၃ သန်း ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလကနေ မတ်လအထိ ကုန်သွယ်မှုအနေနဲ့ ၄,၆၂၄ ဒသမ ၀၀၉ သန်း ရရှိခဲ့ပါတယ်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအတွင်း ထီးခီးနယ်စပ်ကနေ ပို့ကုန် ဒေါ်လာ သန်း ၂,၅၀၀ ဝန်းကျင် ရရှိပြီး သွင်းကုန်အနေနဲ့ ဒေါ်လာ သန်း ၂၀၀ ဝန်းကျင်နဲ့ အများဆုံး ရရှိထားပါတယ်။

မြဝတီနယ်စပ်ကနေ ပို့ကုန် ဒေါ်လာ သန်း ၃၂၀ ရရှိပြီး သွင်းကုန်အနေနဲ့ ဒေါ်လာ ၈၂၇ သန်းနဲ့ ဒုတိယအများဆုံး ရရှိထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013