ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၃၀ ရက် မနက် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် ၁၂ နာရီ အတွင်း အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း အဖြစ်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒီနောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဩရိဿတောင်ပိုင်းကမ်းခြေအနီး မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တနာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။