ဘင်္ဂလားပင်လယ်အော်မှာ လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက် ထုတ်ပြန်ပါတယ်။
ဒီမနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)ဟာ ပိုမိုအားကောင်းလာနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသော လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
နိုဝင်ဘာ ၃၁ ရက်မှာတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး အဲဒီကတဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ ဒီဇင်ဘာ ၂ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
မြန်မာ့ပင်လယ်ပြင်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါတယ်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တနာရီလျှင် မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်း အနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမယ်လို့ ဆိုပါတယ်။
လှိုင်းအမြင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေကနေ ၉ ပေ လောက်နဲ့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ ၃ ပေမှ ၆ ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Photo- မိုးဇလ