ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းက ဗန်နွာတူ ကျွန်းနိုင်ငံရဲ့ မြို့တော် ပို့ထ်ဗီလာမှာ မြေငလျင်တွေ လှုပ်ခတ်ခဲ့တာကနေ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုတွေကြောင့် မြို့တော်တလျှောက်ရှိ အခြေခံအဆောက်အအုံတွေ သိသိသာသာ ပျက်စီးခဲ့တဲ့အပြင် လာမယ့်ရက်တွေမှာလည်း မိုးအကြီးအကျယ် ရွာဦးမယ်လို့ ခန့်မှန်းထားချက်တွေ ရှိနေတာကြောင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ဗန်နွာတူကျွန်းနိုင်ငံမှာ ဒီဇင်ဘာ ၁၇ ရက်က အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ပြင်းအား ၇ ဒသမ ၃ ရှိ မြေငလျင်လှုပ်ခဲ့ပြီး ရက်ပိုင်းအကြာ ဒီဇင်ဘာ ၂၁ ရက် အစောပိုင်းမှာ ပြင်းအား ၆ ဒသမ ၁ ရှိ မြေငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး အပျက်အစီးတွေ များပြားလာခဲ့တာ ဖြစ်ပါတယ်။
အခုချိန်မှာ နောက်ဆက်တွဲငလျင်တွေကြောင့် မြေပြိုမှုတွေဟာ စိုးရိမ်စရာအကြီးဆုံးကိစ္စလို့ ဆိုပါတယ်။
မြို့တော် ပို့ထ်ဗီလာ အနီးတဝိုက်မှာ မြေပြိုမှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။ မြေပြင်ဟာ မတည်မငြိမ် ဖြစ်နေဆဲဖြစ်ပြီး ဆက်လက်လှုပ်ခတ်မှုတွေကြောင့်လည်း နောက်ထပ် သိသိသာသာ အန္တရာယ်များတဲ့ အခြေအနေလို့ ဆိုပါတယ်။
ဒေသအာဏာပိုင်တွေဟာ ပို့ထ်ဗီလာကမ်းလွန်မှာ လေဖိအားနည်းရပ်ဝန်း စနစ်တခု ဖွဲ့စည်းနေကြောင်း သတင်းထုတ်ပြန်ထားပြီး ရက်အတော်ကြာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့ကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေနိုင်တယ်လို့ ယူဆပြီးတော့ ဆိပ်ကမ်းအနီး မြေပြိုတဲ့နေရာက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။
မကြာခင် မိုးရွာတော့မယ်လို့ မျှော်လင့်ထားတာကြောင့် အလုပ်သမားတွေရဲ့ လုံခြုံရေးကို အာမခံ မပေးနိုင်မချင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြန်စတင်ဦးမှာ မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
Source : Reuters