ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့စမွီကျွန်းမှာ ဒီဇင်ဘာ ၁၅ ရက် မနက်စောစောက မြေပြိုမှုဖြစ်ပွားပြီး မြန်မာဆောက်လုပ်ရေးလုပ်သား ၂ ယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့မနက် ၄ နာရီလောက်က ကော့စမွီမြို့ ဘော်ဖွတ်အုပ်စု မရစ်ကျေးရွာက အပန်းဖြေအိမ်ရာ တည်ဆောက်ဆဲ လုပ်ငန်းခွင်မှာ မြေပြိုမှုဖြစ်ပွားပြီး လူတွေပျောက်ဆုံးနေကြောင်း သတင်းရတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေး၊ စည်ပင်သာယာ၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ဗဟိုကယ်ဆယ်ရေးနဲ့ နယ်မြေခံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ အခင်းဖြစ်တဲ့နေရာရောက်သွားပြီး ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါနေရာမှာ တောင်စောင်းဖြစ်ပြီး အပန်းဖြေအိမ်ရာတွေ တည်ဆောက်နေတယ်၊ မနီးမဝေးမှာ ဆောက်လုပ်ရေးအလုပ်သမားတွေက တဲထိုးပြီးနေနေကြတယ်၊ တဲထဲမှာ အလုပ်သမား ၈ ယောက် အိပ်မောကျနေစဉ် ပြိုလဲသံတွေကြားရပြီး သူတို့တဲပေါ်လည်း မြေတွေ ပိကျလာခဲ့တယ်၊ သူတို့တွေ လန့်ဖြတ်နိုးလာတော့ အလုပ်သမား ၂ ယောက်မှာ မြေကြီးထဲရောက်နေလို့ အော်ဟစ် အကူအညီတောင်းနေတယ်၊ ကျန်အလုပ်သမားတွေက ဆွဲထုတ်ဖို့ ကြိုးစားနေတုန်းမှာပဲ နောက်တခါ မြေပြိုကျလာပြန်တော့ အသက်လုပြီး ထွက်ပြေးခဲ့ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
တာဝန်ရှိသူတွေဟာ မြေတူးစက်တွေနဲ့ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၂ ယောက်ကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ကြတယ်၊ ဒီမတိုင်ခင် မိုးဆက်တိုက်ရွာထားလို့ မြေသားတွေပျော့အိနေပြီး ကယ်ဆယ်ရေး လုပ်နေစဉ်မှာလည်း မိုးတွေရွာနေတော့ နောက်ထပ်မြေပြိုနိုင်တဲ့ အလားအလာ ရှိတာကတကြောင်း၊ မြေတူးစက်က ပျောက်ဆုံးနေသူကို ထိခိုက်မိမှာ စိုးတာကတကြောင်း အထူးသတိထားပြီး ရှာဖွေနေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ညနေ ၃ နာရီခွဲလောက်မှာမှ အသက် ၁၉ နှစ်အရွယ် အလုပ်သမားတယောက်ရဲ့ အလောင်းကို အရင်တွေ့ရှိပြီး မရှေးမနှောင်းမှာ နောက်ထပ် အသက် ၃၉ နှစ်အရွယ် အလုပ်သမားတယောက် အလောင်းကို တွေ့တယ်၊ ၂ ယောက်လုံး မြန်မာလုပ်သားတွေဖြစ်ပြီး ကော့စမွီဆေးရုံကြီးမှာ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အဲဒီနေရာတဝိုက်ကို အန္တရာယ်ရှိနေရာအဖြစ် သတ်မှတ်ပြီး ကြိုးတွေနဲ့ တားထားကာ ပြင်ပလူဝင်ထွက်ခွင့် ပိတ်ပင်ထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
ကိုးကား - Thairath / ThaiPBS News