အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း၊ ဆူမားတြားပြည်နယ်က ဆီဘိုလန်ဂစ်ခရိုင်နဲ့ တခြားနေရာ အတော်များများမှာ လျှပ်တပြက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၇ ယောက် သေဆုံးခဲ့ပြီးနောက်မှာ အင်ဒိုနီးရှား ကယ်ဆယ်ရေးသမားတွေဟာ ရွှံ့နွံထဲမှာ နစ်မြုပ်နေတဲ့ မီနီဘတ်စ်တစီးထဲမှာ ပိတ်မိနေတဲ့ ခရီးသည်တွေနဲ့ တခြားဒုက္ခသည်တွေ ရှာဖွေဖို့ ရွှံ့တွေနဲ့ ပြိုလဲကျနေတဲ့ သစ်ပင်တွေကြားမှာ ခက်ခက်ခဲခဲ ရုန်းကန် လုပ်ဆောင်နေကြရတယ်လို့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ပြည်နယ်မှာ သဲသဲမဲမဲ မရပ်မနား မိုးရွာသွန်းခဲ့ပြီး ခရိုင် ၄ ခုမှာ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် အေဂျင်စီက ပြောပါတယ်။
ဒေသခံရွာသားတယောက်ဆီကနေ ရိုက်တာက ရရှိထားတဲ့ ဗီဒီယိုထဲမှာ လမ်းတွေဟာ ရွှံ့နွံတွေ၊ သစ်လုံးတွေနဲ့ ဖုံးလွှမ်းနေပြီး ပျက်စီးနေတာတွေကို မြင်တွေ့ရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်နယ်မြို့တော် မယ့်ဒန်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာကြောင့် ဒေသရွေးကောက်ပွဲအတွက် တချို့မဲရုံတွေမှာ မဲပေးမှုတွေ နှောင့်နှေးခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာမှာလည်း နိုဝင်ဘာ ၂၈ ရက်က ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် ဒေသခံတွေဟာ ရေတွေထဲကနေ ဖြတ်သန်းသွားလာနေရပါတယ်။
ရပ်ကွက် ၅၁ ခု ရေကြီးနစ်မြုပ်ခဲ့ပြီး အဆိုးဆုံးနေရာတွေမှာ ရေဟာ ၂ ဒသမ ၆ မီတာအထိ ရောက်ရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လာနီညာဖြစ်စဉ်ကြောင့် အပူပိုင်းကျွန်းစုတွေအနှံ့ မိုးရွာသွန်းမှု တိုးလာပြီး အင်ဒိုနီးရှားမှာ ၂၀၂၄ ခုနှစ် နှောင်းပိုင်းအထိ ပြင်းထန်တဲ့ ရာသီဥတု ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း နိုင်ငံရဲ့ မိုးလေဝသအေဂျင်စီက သတိပေးထားပါတယ်။
Source : Reuters