အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားပြည်နယ် မြောက်ပိုင်းမှာ ရက်ကြာရှည် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့တာကြောင့် လျှပ်တပြက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေနေကြောင်း တာဝန်ရှိသူတယောက်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်က ရာသီဥတု ဆိုးရွားလာခဲ့ပြီးနောက်မှာ ကာရိုခရိုင်၊ ပါဒန် လာဝပ်စ်ခရိုင်နဲ့ တာပါနူလီ ဆယ်လတန် ခရိုင်တို့မှာ မြေပြိုမှုအတွင်း လူ ၁၁ ယောက် သေဆုံးခဲ့ပြီး ဒဲလီ ဆာဒန်းင် ခရိုင်မှာတော့ လျှပ်တပြက် ရေကြီးမှုကြောင့် နောက်ထပ် ၄ ယောက် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရာသီဥတုဆိုးရွားမှုနဲ့ အလင်းရောင်အားနည်းမှုတို့ကြောင့် စစ်တပ်နဲ့ ကယ်ဆယ်ရေးသမားတွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရပြီးနောက် နိုဝင်ဘာ ၂၅ ရက်မှာတော့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေရေးလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့ကြောင်း ဒုဗိုလ်မှူးကြီး အာမဒ် အာဖရိယန် ရန်ကူတီက ပြောကြားခဲ့ပါတယ်။
ရာသီဥတုနဲ့ အလင်းရောင် နည်းတာကြောင့် လမ်းမကြီးတွေကို သန့်ရှင်းရေးလုပ်ဖို့ အာရုံစိုက်နေရပြီး အခုချိန်ထိ ရှာဖွေမှုမှာ သေဆုံးသူ ၄ ယောက်ပဲ တွေ့ရှိသေးတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အလောင်းထည့်အိတ်တွေကို သယ်လာကြပြီး ရွှံ့တွေထဲမှာ အသက်ရှင်သူ ရှိမလား မျှော်လင့်ချက်နဲ့ တူးဖော် ရှာဖွေနေပါတယ်။
အင်ဒိုနီးရှားမှာ အထူးသဖြင့် မိုးရာသီမှာ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
ဝေးလံခေါင်သီတဲ့ ပြည်နယ်နဲ့ ခရိုင်တွေမှာ သစ်တောပြုန်းတီးမှုနဲ့ အသေးစား တရားမဝင် မိုင်းတူးဖော်မှု လုပ်ငန်းတွေကြောင့် မြေပြိုမှုအန္တရာယ် မကြာခဏ မြင့်တက်လာပါတယ်။
Source : Reuters