Home
မြန်မာသတင်း
လန်ဆယ်ရွှေမှော်ကို KIA က တူးဖော်ခွင့် ရပ်နားခိုင်း
DVB
·
January 10, 2025
Photo-TikTok

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လာချင်ကျေးရွာအုပ်စုရှိ လာချင် (ခ) လန်ဆယ် ရွှေမှော်ကို KIA ဘက်က မူဝါဒအသစ်နဲ့ စီမံခန့်ခွဲနိုင်ဖို့ ဇန်နဝါရီ ၃ ရက်ကစပြီး တူးဖော်ခွင့် ရပ်နားခိုင်းထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ လူငယ်တယောက်က “လန်ဆယ် ရွှေတွင်းတော့ ပိတ်ထားတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ကတည်းက ပိတ်ထားတာ” လို့ ပြောပါတယ်။

လူတွေ အရမ်းများလာလို့ စီမံခန့်ခွဲဖို့ မလွယ်တာကြောင့် ကောင်းကောင်း ပြန်စီမံနိုင်ဖို့ဆိုပြီး ပိတ်လိုက်တာဖြစ်ပြီး နောက် လူတွေ အရမ်းဝင်လာလို့ သူလျှိုတွေ ပါလာနိုင်လို့လို့ သိရကြောင်း သူက ပြောပါတယ်။

ဘယ်အချိန် ပြန်ဖွင့်မလဲဆိုတာ အတိအကျ မသိရဘဲ အပေါ်ယံကြားတာက ၂ လပိတ်မယ်လို့ ကြားကြောင်း သူက ရှင်းပြပါတယ်။

ဒေသခံ အမျိုးသားတယောက်ကလည်း “လန်ဆယ်ရွှေတွင်းက မဖွင့်သေးဘူး။ အခုလောလောဆယ် နှင်းအရမ်းကျလို့ ဖြတ်သန်းသွားလာရလည်း ခက်နေတယ်။ နှင်းကျလို့ ပိတ်တာတော့ မဟုတ်ဘူး။ KIO အစိုးရက ပိတ်တာပါ” လို့ ‌ပြောပါတယ်။

ဇန်နဝါရီလမကုန်ခင် ရွှေတူးဖော်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအသစ် ထုတ်ပြန်မယ်လို့ သိရကြောင်း နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

မှတ်ပုံတင်အတု ကိုင်ဆောင်ကာ ထောက်လမ်းရေးသဖွယ် ဝင်ရောက်လာသူတွေ ရှိတဲ့အပြင် သဘာဝပတ်ဝန်းကျင်လည်း များစွာ ထိခိုက်လာတာကြောင့် ပိတ်သိမ်းရတာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။

ရွှေကြောကောင်းတဲ့ လာချင် ခေါ် လန်ဆယ်ဒေသကို ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024