
၂၀၂၅ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ စစ်တပ်ကင်းစင်သွားအောင် စစ်ရေးအရှိန် မြှင့်သွားမယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက မြို့ပေါ်မှာသာလည်ပတ်နိုင်ပြီး စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အုပ်ချုပ်နိုင်မှုကလည်း တပ်ရင်းဌာနချုပ်တွေထဲမှာသာ ရှိတော့တယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းပြည်နယ်အတွင်းမှာရှိနေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ တပြည်နယ်လုံးနယ်နိမိတ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားပြီး သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ရေးအတွက် စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်တပ်ကင်းစင်တဲ့ နယ်မြေဖြစ်အောင် စစ်ရေးရည်မှန်းချက် ချထားတယ်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ်ဟာ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စစ်တပ်ကို အရင်ဆုံးတော်လှန်တဲ့ ပြည်နယ်ဖြစ်ပေမဲ့ တခြားတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေလို စစ်ရေးအရှိန်မြှင့်နိုင်ခြင်းမရှိဘဲ အချိန်ကြန့်ကြာနေတာဟာ ပြည်သူလူထု အထိနာမှုမရှိတဲ့ စစ်ရေးဗျူဟာ ဖော်ဆောင်ဖို့အပြင် လက်နက်အင်အား၊ လူအင်အား တောင့်တင်းခိုင်မာမှုမရှိတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ ချင်းပြည်နယ်အတွင်းမှာ စစ်ရေးအရှိန်မြှင့်နိုင်ဖို့အတွက် ချင်းပြည်နယ်အတွင်းမှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အောင်သူ