တော်လှန်ရေးတပ်တွေဟာ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၄၄ မြို့နယ်ကို စိုးမိုးအုပ်ချုပ်နေပြီး စစ်ကောင်စီ အုပ်ချုပ်ထားနိုင်တာက ၁၀၇ မြို့နယ်ပဲရှိတော့လို့ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံကိုတောင် စစ်ကောင်စီက မအုပ်ချုပ်နိုင်တော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
၂ဝ၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ပြည်သူ့ ခုခံတော်လှန်စစ် ၃ နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ထူထောင်နိုင်တာ၊ တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေတွေ လွတ်မြောက်နယ်မြေတွေ ပေါ်ပေါက်လာတာနဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရားထူထောင် လည်ပတ်နိုင်တာ ဆိုတဲ့ အရေးကြီးတဲ့ တိုးတက်မှု ၃ ခုရခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအရောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် စုစုပေါင်း ၁၄၄ မြို့နယ်ရှိပြီး အဲဒီထဲက မြို့ ၉၅ မြို့ (မြို့နယ် ၄၈ မြို့နယ်)ကို အပြီးသတ်သိမ်းပိုက်အုပ်ချုပ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် မြို့နယ် ၇၉ မြို့နယ်မှာလည်း တော်လှန်စစ်ဖြစ်နေတာကြောင့် စစ်ကောင်စီက စိုးမိုး အုပ်ချုပ်ထားနိုင်တာဟာ ၁၀၇ မြို့နယ်ပဲ ကျန်ရှိတာပါ။
ရာခိုင်နှုန်းနဲ့ဆိုရင်တော့ တနိုင်ငံလုံး မြို့နယ်စုစုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက စိုးမိုးထိန်းချုပ်၊ အုပ်ချုပ်နေပြီး ၂၄ ရာခိုင်နှုန်းမှာ တော်လှန်စစ်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီလက်မှာတော့ မြို့နယ် ၃၂ ရာခိုင်နှုန်း ပဲကျန်ပြီး နိုင်ငံရဲ့ ၃ ပုံ ၁ ပုံတောင် မရှိတော့လို့ ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့တွေ စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် ဆိုတာဟာ စစ်ကောင်စီတပ် မကင်းစင်သေးပေမဲ့ စစ်တပ်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်တာ၊ စစ်ကောင်စီတပ် လှုပ်ရှားမှုကို ကောင်းကောင်းပိတ်ဆို့ကန့်သတ်ထားနိုင်ပြီး တော်လှန်ရေးတပ်တွေ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားသွားလာနိုင်တဲ့မြို့နယ်တွေကို ဆိုလိုတယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုယ်တိုင် သိမ်းပိုက်ထားတဲ့မြို့တွေကတော့ ခါမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့တို့ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့က အနည်းဆုံး ၆၇ မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့ တော်လှန်ရေး အဖွဲ့တွေက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ပြီးတော့ မဟာဗျူဟာလမ်းတွေဖြစ်တဲ့ မန္တလေး-ရွှေဘို-မြစ်ကြီးနားကားလမ်းနဲ့ ရထားလမ်း၊ မန္တလေး- မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်- မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ ပဲခူး-သထုံ-ဘားအံ -မြဝတီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း- တောင်ကုတ်လမ်းတို့ရဲ့ အဓိကအစိတ်အပိုင်းတွေကို တော်လှန်ရေးအဖွဲ့တွေက စိုးမိုး ထိန်းချုပ်ထားသလို ရေကြောင်းလမ်းမှာလည်း ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်ကြောင်းတို့ရဲ့ အဓိက အစိတ်အပိုင်းတွေကို စိုးမိုးထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ ဆက်သွယ်တဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးမြို့ အနည်းဆုံး ၁၁ မြို့ကိုလည်း စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ ပြည်သူက တရားဝင်အပ်နှင်းတဲ့အာဏာနဲ့ နယ်မြေစိုးမိုးထိန်းချုပ်မှု၊ ပြည်သူလူထုထောက်ခံမှုကရရှိတဲ့အာဏာ ၂ ရပ်ကို ပေါင်းစပ် ကျင့်သုံးပြီး နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းစုံနဲ့ ပြည်သူ့တော်လှန်ရေးကို ဆင်နွှဲနေပေမဲ့ စစ်ကောင်စီကတော့ အဓမ္မအာဏာသိမ်းထားရုံမက ပြည်သူအပေါ်နေ့တိုင်း အကြမ်းဖက် သတ်ဖြတ်တာ၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ နယ်မြေတွေလက်လွှတ်ဆုံးရှုံးနေတာကြောင့် တရားဝင်မှုကင်းမဲ့နေတယ်လို့လည်း ဆိုပါတယ်။