မန္တလေး PDF (MDY PDF) အနေနဲ့ စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တခု ဖွဲ့စည်းပြီး စစ်ရေးအရှိန်အဟုန် တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက် ညမှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တပ်မဟာအသစ်တခု ဖွဲ့စည်းကာ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမှာဖြစ်ပြီး ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့လည်း စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ MDY PDF က ဆိုပါတယ်။
MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “ကျနော်တို့ ထိန်းချုပ်စိုးမိုးနယ်မြေတွေနဲ့ စစ်ကိုင်းဘက်မှာရှိတဲ့ ဒေသတချို့ဟာ ပထဝီအနေအထားအရ ထိစပ်နေတာဖြစ်တဲ့အတွက် ရှေ့လာမယ့် စစ်ဆင်ရေးတွေကို စဉ်းစားတဲ့နေရာမှာ စစ်ကိုင်းဘက်အခြမ်းကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရတာတွေ ရှိလာတယ်။ ဒီအတွက်ကြောင့် စစ်ကိုင်းတပ်မဟာကို ဖွဲ့စည်းခဲ့ရတာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
ဒီလို စစ်ကိုင်းဘက်မှာ တပ်မဟာဖွဲ့စည်းလိုက်တာဟာ ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ့် လုပ်ငန်းစဉ်တွေထဲက တခုဖြစ်တယ်လို့လည်း ကိုအော်စမွန်က ဆိုပါတယ်။
“လက်ရှိ စစ်ကိုင်းတပ်မဟာနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးအခြေအနေတွေနဲ့ တည်ဆောက်မှု အခန်းကဏ္ဍတွေကိုတော့ ကျနော်တို့ အကျယ်တဝံ့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး။”
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စစ်ကိုင်းတပ်မဟာမှာ လာရောက်ပူးပေါင်းမယ့် စစ်သည်တော်တွေနဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကို ကြိုဆိုတယ်လို့ ဖိတ်ခေါ်ထားပါသေးတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ ၂၀၂၄ ခုနှစ် တနှစ်တာအတွင်း စစ်ကောင်စီ အထိနာစေတဲ့ စစ်ဆင်ရေးတွေကို မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စဉ်ဆက်မပြတ် ဖော်ဆောင်ခဲ့ပြီး ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိထားပါတယ်။