မန္တလေးတိုင်း၊ မတ္တရာအနောက်ခြမ်းက ပြည်သူ့ကာကွယ်ရေးတပ်တွေ နောက်ဆုတ်ပေးခဲ့ရတဲ့ ကျေးရွာတွေကို ထိုးစစ်ဆင်ပြီး ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၆ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ ကျေးရွာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာတွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီထံက လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မန္တလေး PDF က ဆိုပါတယ်။
မန္တလေး PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “ပြီးခဲ့တဲ့ နိုဝင်ဘာလကုန် ဝန်းကျင်လောက်က ခေတ္တလက်လွှတ်ခဲ့ရတဲ့ ရွာ ၃ ရွာကို တန်ပြန်ထိုးစစ်ဆင်ပြီးတော့ ပြန်လည်သိမ်းယူခဲ့တာဖြစ်တယ်။ မတ္တရာအနောက်ဘက်ခြမ်း တခုလုံးဆိုရင်တော့ စစ်ကောင်စီတပ်စခန်းတွေ ကျန်ရှိနေသေးတယ်လို့ ပြောလို့ရပါတယ်” လို့ DVB ကို ပြောပါတယ်။
မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းရှိ ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိသလို ကာကွယ်ရေးတပ်တွေဘက်ကလည်း ထိခိုက်မှုတချို့ ရှိခဲ့တယ်လို့ မန္တလေး PDF ထံက သိရပါတယ်။
ကိုအော်စမွန်က “ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ဒဏ်ရာရသေဆုံးမှုတွေ ရှိပါတယ်။ ၆ ရက်နေ့က တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိပါတယ်” လို့ ထပ်ပြောပါတယ်။
မန္တလေး PDF အနေနဲ့ အခုထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မစတင်ခင်က မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းလမ်းပိုင်းကို စစ်ရေးအခြေအနေအရ အသုံးမပြုဖို့ နိုဝင်ဘာ ၂၆ ရက်က ထုတ်ပြန် အသိပေးခဲ့ပါသေးတယ်။
အခု ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ၊ ခြေလျင်စစ်ကြောင်း အများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ခေတ္တလက်လွှတ်ခဲ့ရတဲ့နေရာတွေ ဖြစ်ပါတယ်။
မန္တလေး PDF ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဥဒိန်းကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။