Home
မြန်မာသတင်း
ကရင်နီနှင့် ချင်းပြည်နယ် အတွက် ကျန်းမာရေးဝန်ထမ်းများ NUG အစိုးရ ခေါ်ယူ
DVB
·
January 9, 2025

ကရင်နီ (ကယား) ပြည်နယ်နဲ့  ချင်းပြည် (Chinland)မှာ တာဝန်ထမ်းဆောင်ဖို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပြုလုပ်ပေးနိုင်ဖို့အတွက် ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေနဲ့ အထူးကုဆရာဝန်တွေကို ခေါ်ယူနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကျန်းမာရေးဌာနရဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ အထူးကုဆရာဝန် (အထူးကုဘာသာရပ် အမျိုးအစားအစုံ) တွေနဲ့ ဆရာဝန်တွေကို ခေါ်ယူတာဖြစ်ပါတယ်။

NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဒေါက်တာစစ်မင်းနိုင်က “ဒီတကြိမ်ခေါ်ယူတာက ပြည်နယ်နဲ့ ပြည်ထောင်စုနဲ့ ပူးပေါင်းပြီး ခေါ်ယူတာဖြစ်တယ်။ ပြည်နယ်တွေရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဆောင်ရွက်နေတဲ့ ဆေးရုံ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ပေါ့လေ။ ဆရာဝန်ဦးရေ ကန့်သတ်ချက်မရှိပါဘူး။ CDM ဝင်ထားတဲ့သူတွေ ဒါမှမဟုတ် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြမယ့် ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကို ကျနော်တို့က ဖိတ်ခေါ်တာဖြစ်ပါတယ်။ အသက်အရွယ်က ပင်စင်မယူသေးခင်အရွယ် အသက် ၆၀ အောက်ကို ခေါ်ယူဖို့ရှိပါတယ်” လို့ ပြောပါတယ်။

အလားတူ ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံ/ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ အထူးကုဆရာဝန်တွေ၊ သွားနှင့်ခံတွင်း ဆရာဝန်နဲ့ တခြားနယ်ပယ်က ဆရာဝန်တွေ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားတွေ၊ အထူးပြုသူနာပြုတွေနဲ့ သူနာပြုတွေကိုလည်း ခေါ်ယူနေပါတယ်။ 

အရည်အချင်းအနေနဲ့ကတော့ သက်ဆိုင်ရာဘာသာရပ်မှာ ကျွမ်းကျင်သူဖြစ်ရမှာဖြစ်တဲ့အပြင်၊ ကျန်းမာရေးကောင်းမွန်ရမယ်၊ CDM ဝန်ထမ်း ဖြစ်ရမယ်၊ စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိသူဖြစ်ကာ ကျန်းမာရေးဌာနက တာဝန်ချပေးတဲ့ နေရာဒေသတွေကို သွားရောက်ပြီး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃၁ ရက်အထိ မနက် ၁၀ နာရီကနေ ည ၈ နာရီကြား ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူတွေကို သင်တန်းပို့ချပေးတာတွေပြုလုပ်ကာ တော်လှန်ရေးကာလမှာ ဝန်ဆောင်မှု ပြုလုပ်ပေးသူတွေကို ဘဝနဲ့ လုပ်ငန်းခွင်လုံခြုံစေဖို့ ကာကွယ်စောင့်ရှောက်မှုရှိပြီး တော်လှန်ရေးအလွန်ကာလမှာလည်း ဘဝအာမခံချက်အတွက် ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒနဲ့အညီ ပေးအပ်မယ်လို့ ဆိုပါတယ်။

အလုပ်လျှောက်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ NUG ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - @HR_MOHNUG မှာ လျှောက်လွှာပုံစံတွေ ထုတ်ယူ ပေးပို့လျှောက် ထားနိုင်တယ်လို့ သိရပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနကနေ ၂၀၂၂ ဇူလိုင်လနဲ့ ၂၀၂၃ ဇန်နဝါရီလမှာ အထူးကုဆရာဝန်တွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေ ခေါ်ယူခဲ့ပြီး ဒီတကြိမ်မှာတော့ ပြည်နယ်နဲ့ ပြည်ထောင်စု ပူးပေါင်းပြီး ကျန်းမာရေးဌာနအတွက် ဆရာဝန်တွေခေါ်ယူတာ ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013