စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရေရှင်အုပ်စု၊ တင်ငုတ်ကြီးကျေးရွာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခန့် အုပ်ချုပ်ရေးမှူးတယောက် ဇန်နဝါရီ ၆ ရက် မနက် ၆ နာရီ ၂၅ မိနစ်က သတ်ဖြတ်ခံရတယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။
သတ်ဖြတ်ခံရသူဟာ အုပ်ချုပ်ရေးမှူး ဦးငွေသိန်းဖြစ်ပြီး သူ့ရဲ့ နေအိမ်အတွင်းမှာ သတ်ဖြတ်ခံရတာ ဖြစ်တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“မနက်အစောကြီး ကျနော်တို့ရွာထဲကို ဆိုင်ကယ်အစိမ်းရောင် kenbo တစီးနဲ့ လူ ၂ ယောက် စီးပြီးဝင်လာတယ်။ အဲလိုဝင်လာပြီး ဥက္ကဋ္ဌအိမ်ထဲ ဝင်သွားတယ်။ တော်လှန်ရေး ရဲဘော်တွေလား၊ ဘာလားတော့ မသိရဘူး။ ခဏနေတော့ သေနတ်သံကြားရလို့ ရွာသားတွေ ထွက်ကြည့်ကြတယ်။ အဲခါကြတော့ တွေတဲ့ကောင် အကုန်ပစ်ကွာလို့ အော်လို့ ကျနော်တို့ ကိုယ့်အိမ်ထဲကို အပြေးပြန်ဝင်ခဲ့ရတယ်။ သတ်ဖြတ်သူတွေရဲ့မျက်နှာကို ပဝါစည်းထားတယ်။ လည်ပင်းမှာတော့ တာလီဘန်မာဖလာ ပတ်ထားတာ တွေ့လိုက်ရတယ်။”
အုပ်ချုပ်ရေးမှူး ဦးငွေသိန်းကို လက်နက်ကိုင် ၂ ယောက်က ကျည် ၄ ချက် ပစ်ခတ်သတ်ဖြတ်သွားတာဖြစ်ပြီး ရင်ဘတ်ကို ၂ ချက်၊ ဝမ်းဗိုက်တချက်နဲ့ စုစုပေါင်း ၃ ချက် ထိမှန်သေဆုံးခဲ့ရပြီး ကျန်တချက်က လွဲချော်ခဲ့တယ်လို့လည်း မိသားစုဝင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
မိသားစုဝင်နဲ့ နီးစပ်သူက “တော်လှန်ရေးအဖွဲ့ထဲက ရဲဘော်တွေထင်လို့ ကော်ဖီတွေ ဖျော်တိုက်လိုက်သေးတယ်။ အဲလို မိသားစုက ကော်ဖီဖျော်တိုက်နေတဲ့အချိန် ဥက္ကဋ္ဌက အိပ်ယာကထပြီး မျက်နှာသစ်နေတဲ့အချိန်ကို လက်နက်နဲ့ ပစ်သတ်သွားတယ်။ မိသားစုကိုတော့ သေနတ်နဲ့ချိန်ပြီး မလှုပ်ကြနဲ့လို့ ပြောတယ်ဗျ။ ကျန်တာတော့ ဘာမှလုပ်မသွားဘူးရယ်။ ဥက္ကဋ္ဌကိုပဲ သတ်သွားတယ်” လို့ ပြောပါတယ်။
သတ်ဖြတ်သွားသူတွေဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ် ဘာကြောင့်သတ်သွားတယ် ဆိုတာကိုတော့ DVB အနေနဲ့ သီးခြားအတည်ပြုလို့ မရရှိသေးပါဘူး။
ကန့်ဘလူမြို့နယ်၊ ရေရှင်အုပ်စု၊ တင်ငုတ်ကြီးကျေးရွာဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေဖြစ်ပြီး ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်တွေဟာ စစ်ကောင်စီတပ်ရဲ့ ကပစထုတ် MA3 ကျည်ဆန်တွေ ဖြစ်တယ်လို့လည်း ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။