Home
မြန်မာသတင်း
လိုအပ်နေသည့် ပြည်သူများထံ ကျပ်သန်းပေါင်း ၈,၀၀၀  ခန့် ကူညီပေးခဲ့ဟု NUG ထုတ်ပြန်
DVB
·
January 7, 2025
Photo-NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း ကျပ်သန်းပေါင်း ၈,၀၀၀ လောက်ကို ဒေသအလိုက် လိုအပ်နေတဲ့ပြည်သူတွေဆီ ထောက်ပံ့ကူညီခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်သူတွေက ထောက်ပံ့လှူဒါန်းထားတဲ့ ငွေကျပ်သန်း ၇,၇၀၀ ကို ဒေသအလိုက် အမှန်တကယ်အကူအညီလိုအပ်နေသူတွေဆီ လက်ဝယ်အရောက် ထောက်ပံ့ခဲ့တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ဖော်ပြထားတာပါ။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ၊ စစ်ဘေးရှောင်ပြည်သူတွေအတွက် ငွေကျပ် ၅,၀၇၃ သန်း၊ ပြည်သူတွေအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်တာက ငွေကျပ် သန်း ၃၀၊ CDM ဝန်ထမ်းတွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၈၀ ဒသမ ၃ သန်း၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် ၄၆ သန်း ကူညီခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် ငွေကျပ် ၄၄၅ သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက်  ငွေကျပ် ၁,၂၉၅ သန်း၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ငွေကျပ် ၄ ဒသမ ၅ သန်း၊ အထွေထွေ လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် ၆၉၁ သန်း ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

တလမှာ ပျမ်းမျှစစ်ဘေးရှောင်ဦးရေ ၁၇၀၀၀၀ ကျော်ကို ထောက်ပံ့ခဲ့ပြီး သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူပေါင်း ၁၀ သိန်းကျော်၊ တိုက်ပွဲတွေအတွင်း ကျဆုံးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ပြည်သူ ၄,၀၀၀ ကျော်ကို ထောက်ပံ့ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒေသအလိုက်မှာတော့ စစ်ကိုင်းတိုင်းမှာ သန်း ၃,၂၀၀ ကျော်၊ မကွေးတိုင်းမှာ သန်း ၁,၇၀၀ ကျော်၊ မန္တလေးတိုင်းမှာ သန်း ၈၀၀ ကျော်၊ ပဲခူးတိုင်းမှာ သန်း ၅၀၀ ကျော်၊ တနင်္သာရီတိုင်းမှာ သန်း ၁၀၀ ကျော်၊ နယ်စပ်ဒေသတွေမှာ သန်း ၅၀၀ ကျော်၊ နိုင်ငံတဝန်းက တောင်းဆိုလာတဲ့ အရေးပေါ်လိုအပ်သူတွေကို သန်း ၁၁၀ ကျော် ထောက်ပံ့ထားတာတွေ့ရပြီး တခြား တိုင်းနဲ့ပြည်နယ်တွေအားလုံးကိုလည်း ထောက်ပံ့ထားတာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013