Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်များအတွက် NUG က ကျပ်ငွေ ၁၂၄ သန်းကျော် ကူညီ
DVB
·
January 8, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝန်း ကူညီမှုတွေမှာ ရခိုင်ပြည်နယ်က စစ်ရှောင်တွေအတွက် ကျပ်ငွေ ၁၂၄ ဒသမ ၃ သန်း ကူညီပေးခဲ့တယ်လို့ ဇန်နဝါရီ ၆ ရက်က သတင်းထုတ်ပြန်ပါတယ်။

NUG အစိုးရက နိုင်ငံတဝန်းမှာ ပြည်သူလူထုထံ ကျပ်ငွေ ၇ ဒသမ ၇ ဘီလီယံကို သတ်မှတ်ဒေသအလိုက် ကူညီပေးခဲ့တာဖြစ်ပြီး သူတို့အခြေစိုက်နိုင်ခြင်းမရှိတဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေကိုလည်း ကျပ်ငွေ ၁၂၄ သန်းကျော် ကူညီခဲ့တာဖြစ်ပါတယ်။

အဲဒီအကူအညီ လှူဒါန်းငွေတွေကို နေရပ်စွန့်ခွာ စစ်ရှောင်နေရသူ၊ စားနပ်ရိက္ခာ၊ CDM ဝန်ထမ်းတွေအတွက် ကူညီထောက်ပံ့မှု၊ နိုင်ငံရေးအကျဉ်းသားနဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့မှု၊ တိုက်ပွဲအတွင်း သေဆုံးခဲ့ရတဲ့ ပြည်သူလူထုကို ကူညီမှု၊ သဘာဝဘေး ထိခိုက်ခံစားရသူတွေနဲ့ ထိခိုက်လွယ်ပြည်သူတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ခဲ့တာလို့ NUG အစိုးရက ဆိုပါတယ်။

NUG အစိုးရအနေနဲ့ သူတို့အခြေစိုက်မှုနဲ့ အာဏာသက်ရောက်မှုမရှိတဲ့ ရခိုင်ပြည်နယ်ကို လူသားချင်းဆိုင်ရာ ကူညီမှုတွေကို အသိအမှတ်ပြုပေးတာကြောင့် ကျေးဇူးတင်ရမယ်လို့ ရခိုင်က လူမှုရေးတက်ကြွလူငယ်တယောက်က ပြောပါတယ်။

“၂၀၂၄ ဆိုတာ ရခိုင်ပြည်သူတွေအတွက် အတိဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့နှစ် ဖြစ်တယ်။ ဒီလိုအချိန်မှာ NUG အစိုးရအနေနဲ့ ရခိုင်ပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးခဲ့တာတွေကတော့ ကျနော်တို့ ပြည်သူတယောက်အနေနဲ့ ကျေးဇူးတင်ရမှာဖြစ်တယ်။ သူတို့ အခြေချထားခြင်း မရှိသလို အာဏာသက်ရောက်မှုလည်း မရှိတဲ့ ပြည်နယ်က ပြည်သူတွေကို ကူညီတယ်ဆိုတာက သူတို့ရဲ့ အစိုးရတရပ်အနေနဲ့ တန်းတူညီမျှရေးမူကို သိသာထင်ရှားစေတယ်။”

ရခိုင်ပြည်နယ်မှာ လက်ရှိတိုက်ပွဲအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ပြည်သူပေါင်း ၆ သိန်းကျော်အထိ ရှိလာပြီလို့ အာရက္ခတပ်တော်ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလ ၄ နှစ်တာ ကာလအတွင်း တော်လှန်ရေး အောင်နိုင်ရေးကို ရှေ့ရှုပြီး အကျပ်အတည်းတွေကြားက တော်လှန်ရေးမှာ စဉ်ဆက်မပြတ် ပါဝင်နေကြတဲ့ ပြည်သူတယောက်ချင်းစီရဲ့ လုပ်ဆောင်ချက်တွေ၊ ထားရှိတဲ့ စိတ်ဓာတ်တွေကို လေးစားကြောင်းနဲ့ ရှေ့ဆက်ပြီးလည်း စစ်အာဏာရှင်စနစ်ကို ချေမှုန်းရာမှာ ညီညီညွတ်ညွတ် ဆောင်ရွက်စေလိုကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024