စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ရွှေဘိုအကျဉ်းထောင်မှာ ဇန်နဝါရီ ၄ ရက်က လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို မိသားစုဆီ ပြန်ပို့မပေးဘဲ ရွှေဘိုမြို့မရဲစခန်းမှာ ထပ်မံဖမ်းဆီးထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတချို့ဟာ ထောင်ဗူးဝအထွက်မှာပဲ ပြန်လည်ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ပုဒ်မတပ် တရားစွဲတာမဟုတ်ဘဲ ရွှေဘိုမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်တယ်လို့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
လက်ရှိအချိန်ထိ နိုင်ငံရေးအကျဉ်းသား ၁၀ ယောက်ထက်မနည်းကို မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး တချို့ ငွေကြေးတတ်နိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ငွေတောင်းခံပြီး ပြန်လွှတ်ပေးတာတွေ ရှိသလို ငွေကြေးမတတ်နိုင်သူတွေကိုတော့ ရဲစခန်းအနီး တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါဟာ လွတ်ရက်စေ့ပြီးတဲ့တိုင်အောင် လွတ်လပ်စွာ သွားလာခွင့်ကို ပိတ်ပင်ပြီး ပေါ်ပေါ်ထင်ထင် ချိုးဖောက်ထားတာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်လာပါတယ်။
အခုလို ဥပဒေမဲ့ ပြန်လည်ဖမ်းဆီးမှုတွေကို တားဆီးရှုတ်ချတာတွေနဲ့ အရေးယူတာတွေ လုပ်ပေးဖို့ကိုလည်း ထုတ်ပြန် တောင်းဆိုထားပါတယ်။