စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တွေထဲမှာ ဆေးဝါးကုသခွင့် လုံလုံလောက်လောက်မပေးတာကြောင့် ၂၀၂၄ ခုနှစ်အတွက် အကျဉ်းသား ၁၅ ယောက် ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ အောက်တိုဘာလအထိ နိုင်ငံရေးအကျဉ်းသူ ၂ ယောက်၊ အကျဉ်းသား ၁၃ ယောက် ကျဆုံးခဲ့ရတာပါ။
ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၂ တို့နဲ့ တရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးရေးအကျဉ်းသားတယောက်ဖြစ်သူ အသက် ၆၂ နှစ်အရွယ် ဦးရဲအောင်(ခ)ကိုချင်း ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့က ထားဝယ်ထောင်မှာ လေဖြတ်ဝေဒနာကို စတင်ခံစားခဲ့ရပြီး ထောင်မှာ ဆရာဝန်မလုံလောက်လို့ ထားဝယ်ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ ထားဝယ်ဆေးရုံမှာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူက ကိုသိုက်ထွန်းက “အကျဉ်းထောင်ထဲမှာ ဆေးဝါး လုံလောက်စွာမရလို့ ကျဆုံးတဲ့အရေအတွက်က ဒီနှစ်ထဲမှာ ၁၅ ဦးအထိ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အခုနှစ် သေဆုံးရမှုက ၄၀ ရာခိုင်နှုန်းလောက် ပိုများ ပိုမြင့်တက်လာတာကို စိုးရိမ်ဖွယ် တွေ့ရှိရပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကလည်း နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော်ဟာ သာယာဝတီထောင်ထဲမှာ အသည်းရောဂါနဲ့ အချိန်မီကုသခွင့်မရတာကြောင့် ထောင်တွင်းမှာပဲ ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အန်အယ်လ်ဒီအစိုးရရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာလည်း ကင်ဆာဝေဒနာ ခံစားနေရပြီး လုံလောက်တဲ့ဆေးဝါးကုသခွင့်မရတာကြောင့် အောက်တိုဘာ ၇ ရက်နေ့က ကျဆုံးခဲ့ရပါသေးတယ်။
၂၀၂၃ ခုနှစ်တုန်းကတော့ နိုင်ငံရေးအကျဉ်းသား ၁၄ ယောက်ဟာ ထောင်တွင်းမှာ ဆေးဝါးကုသမှု လုံလုံလောက်လောက်မရတာကြောင့် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တာတွေရှိနေသလို ဆေးဝါး တင်သွင်းခွင့် ပိတ်ပင်တာ၊ အချိန်မီဆေးကုသခွင့်မရရှိတာ၊ ရိုက်နှက်တိုက်ပိတ်တာ၊ ထောင်ဝင်စာဧည့်တွေ့ခွင့်မပေးတာ၊ မကြာခဏ ထောင်ပြောင်းရွှေ့ခံရတာတွေအပြင် အကျဉ်းသားအချင်းချင်း အနိုင်ကျင့်တာတွေလည်း ရှိနေတာပါ။
နိုင်ကျဉ်းတယောက်ရဲ့ မိသားစုဝင်တယောက်က “ဆေးတွေက သူတို့ဆီ တိုက်ရိုက် မရောက်တာတွေလည်း ကြားရတယ်။ ကိုယ်က ယားနာဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ တခြားဆေးတွေအများကြီး ဝယ်ထည့်ပေးလိုက်လည်း သူတို့စာရေးလာရင် ဆေးတွေ ထည့်ပေးပါဦး ဆိုပြီးဖြစ်တယ်။ ယားနာဆေးက အမြဲတမ်းထည့်ပေးရတယ်” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁,၀၀၀ ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ AAPP ရဲ့ စစ်တမ်းအရ သိရပြီး ထောင်တွင်း အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။