Home
မြန်မာသတင်း
ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်သဖြင့် ၉ လအတွင်း နိုင်ကျဉ်း ၁၂ ဦး သေဆုံး
DVB
·
October 1, 2024

အကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် အခုနှစ်  ဇန်နဝါရီ လကနေ စက်တင်ဘာလကုန်အထိ ၉ လအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာတော့ နိုင်ငံရေးအကျဉ်းသား ၉ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၂ ဦး၊ ရဲ CDM (ရဲပြေး အမှုနဲ့ တရားစွဲဆိုခံထားရသူ  ၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလထဲမှာ ကျိုက်မရောအကျဉ်းထောင်က ပုဒ်မ ၅၄၊ ပုဒ်မ ၅၂ (က) တို့နဲ့ ထောင်တ သက်ချမှတ်ခံထားရတဲ့ အသက် ၄၃ နှစ်အရွယ် ကိုရာရှင်(ခ)ဟာရှင်နဲ့ ပုဒ်မ ၅၂(က) နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်တို့ ထောင်တွင်း ဆေးကုသမှုနဲ့ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိတာတွေကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးအကျဉ်းထောင်က  ပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် မစုမေအောင်နဲ့ ကလေးအကျဉ်းထောင်က ပုဒ်မ ၅၀၅ (က)/၅၂(က)/၅၀(ည) တို့နဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ အသက် ၄၅ နှစ်အရွယ် ကိုကြည်ရအောင်တို့ဟာလည်း ဇန်နဝါရီလထဲမှာပဲ သေဆုံးခဲ့ကြတယ်လို့ PPNM က ထုတ်ပြန်ပါတယ်။ 

ဖေဖော်ဝါရီလထဲမှာတော့ မန္တလေးအိုးဘိုအကျဉ်းထောင်က ပုဒ်မ ၅၀၅(က)၊ ၅၀၅(က) နှစ်မှုနဲ့ ထောင်ဒဏ် ၆ နှစ် အမိန့်ချခံထားရတဲ့ အသက် ၃၅ နှစ်အရွယ် မယဉ်မိုးနဲ့ ဒိုက်ဦး အကျဉ်းထောင်က ပုဒ်မ ၅၀၅/၁၂၄ တို့နဲ့ ထောင်ဒဏ် ၈ နှစ်ကျခံနေရသူ အသက် ၆၈ နှစ်အရွယ် ဦးအေးဝင်းတို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ်လထဲမှာတော့ ဒိုက်ဦးအကျဉ်းထောင်ကပဲ  ပုဒ်မ၅၂(က)၊ ၅၀(ည) တို့နဲ့ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ အသက် ၆၄ နှစ်အရွယ် ဦးခင်စိုးနဲ့ မေလထဲမှာတော့ ပုဒ်မ ၅၀(ည)နဲ့ အကျဉ်းကျနေတဲ့ အသက် ၃၂ နှစ်အရွယ် ကိုလင်းလင်းထွန်း(ခ) လယ်ဝေးတို့ သေဆုံးခဲ့ရပါတယ်။

ဇူလိုင်လတုန်းကတော့ သရက်အကျဉ်းထောင်မှာ ပုဒ်မ၅၂ က/ ၅၁(ဂ) တို့နဲ့ မတရား ဖမ်းဆီးခံထားရတဲ့ အသက် ၃၉ နှစ်အရွယ် ကိုညီညီ သေဆုံးခဲ့သလို အင်းစိန်အကျဉ်းထောင်ထဲမှာ ပုဒ်မ ၅၀၅(က)/၅၂(က) တို့နဲ့  အကျဉ်းချခံထားရတဲ့ အသက် ၄၅ နှစ်အရွယ် ကိုနေလင်းထိုက်တို့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဩဂုတ်လထဲမှာတော့ သရက်အကျဉ်းထောင်မှာ ရဲစည်းကမ်းနဲ့ အဖမ်းခံထားရတဲ့ CDM ရဲဝန်ထမ်း ကိုမျိုးသူ သေဆုံးခဲ့ရသလို စက်တင်ဘာလထဲမှာတော့ သထုံအကျဉ်းထောင်မှာ အကျဉ်းကျခံခဲ့ရတဲ့ အသက် ၅၇ နှစ်အရွယ် ဦးသန့်ဇင်တို့ သေဆုံးခဲ့ပါတယ်။

ထောင်တွင်း သေဆုံးခဲ့ရသူများစွာ ရှိနေတဲ့ မြန်မာပြည်အကျဉ်းထောင်တွေဟာ ရှေ့တန်း စစ်မြေပြင်သဖွယ် ခေါင်းစဉ်အမျိုးမျိုးနဲ့ သတ်ဖြတ်ခံနေရပြီး ဆေးဝါးလုံလောက်မှုနဲ့ ဆရာဝန် လုံလောက်မှုမရှိတဲ့ ထောင်ဆေးရုံတွေဟာလည်း နိုင်ငံရေးအကျဉ်းသားတွေ မသေဆုံးခင် ယာယီထားတဲ့နေရာတွေအဖြစ်သာ ဆက်ရှိနေဆဲ ဖြစ်တယ်လို့လည်း PPNM က ထုတ်ပြန် ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013