Home
မြန်မာသတင်း
အစာငတ်ခံ ဆန္ဒပြခဲ့သည့် နိုင်ကျဉ်း ၁၇ ဦးကို ရှေ့နေငှားရမ်း ချေပခွင့်မပေးဘဲ အမှုစစ်
DVB
·
August 22, 2024

မုံရွာအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးကို စစ်ကောင်စီက ရှေ့နေ ငှားရမ်းချေပဖို့ အချိန်မပေးဘဲ အမှုစစ်ဆေးနေတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား ၁၇ ဦးဟာ ၂၀၂၃ ခု စက်တင်ဘာ ၉ ရက်က အစာငတ်ခံ ကြွေးကြော် ဆန္ဒပြခဲ့တာပါ။ 

အမှုဖွင့်ခံရတဲ့သူတွေကတော့ ကိုဝင်းကျော်ဂေါင်၊ ကိုညီဟိန်း၊ ကိုစန်းမြင့်လွင်အပါအဝင် နိုင်ငံရေး အကျဉ်သား ၁၇ ဦးဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

“ရာဇသတ်ကြီး ပုဒ်မ ၁၄၇ အရ လူစုလူဝေးနဲ့ ဆူပူမှုအရ တရားစွဲဆိုတဲ့မှုကို ဩဂုတ် ၁၉ ရက်မှာ အမှုစ စစ်တယ်။ ကျနော်တို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးကို စုံစမ်းကြည့်တဲ့အခါ တရားစွဲခံ နိုင်ကျဉ်းတွေက ရှေ့နေ ငှားမယ်၊ အမှုတွဲ မိတ္တူကူးမယ်လို့ ပြောကြားခဲ့ပေမဲ့ မုံရွာမြို့နယ် တရားသူကြီး ဦးထက်အောင်ဇော်က လုံဝ လက်မခံဘူးလို့ သိရတယ်” 

စစ်ကောင်စီက အခုလို တရာစွဲအမှုစစ်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦးထဲမှာ အမှုနဲ့ မဆိုင်သူ တွေလည်း ပါဝင် နေတယ်လို့ သိရပါတယ်။

ဆက်လက်ပြီးကိုရှင်းသန့်က “ကိုဝေမိုးနိုင်၊ ကိုမန်ဇာမြေမွန်၊ ကိုဘုန်းမြင့်အောင်၊ ကိုအောင်ချမ်းမြေ့ အပါအဝင် တခြားနိုင်ငံရေး အကျဉ်းသား ၃၁ ဦးတို့က ဖြစ်စဉ်ထဲ မပါတဲ့သူတွေကို တရားခံစာရင်းက ပယ်ဖျက်ပေးဖို့ တင်ပြတဲ့ စာကို ထောင်အာဏာပိုင်တွေက တရားရုံးကို မတင်ပြဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ထောင်အာဏာပိုင်များနဲ့ တရားရုံး လက်ဝါးချင်းရိုက်တဲ့ ပုံပေါ်တယ်” လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ကတော့ မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အတွင်း ဝင်ရောက် ရိုက်နှက်တာ၊ ထောင်ပြင်ပကို ခေါ်ဆောင် ရိုက်နှက် စစ်ဆေးတာတွေ လုပ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက “လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစား လုပ်တာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူတွေကိုတော့ ဥပဒေဘောင်အတွင်းကနေ တရားစွဲဆိုတဲ့ ပုံစံမျိုး၊ စီရင်ဆုံးဖြတ်တဲ့ပုံစံမျိုးပေါ့ အရပ်ဘက်ခုံရုံးတွေ တင်ဖို့ ကြိုးစားရလိမ့်မယ်။ ကျနော်တို့ ယူနစ်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊ တော်လှန်ရေးအကျဉ်းသား၊ ယုံကြည်ချက်အကျဉ်းသားတွေကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်နေတဲ့ စစ်ကောင်စီဝန်ထမ်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကျ‌နော်တို့ ကြိုးစားပါမယ်။ ထင်သလို အလုပ်ခံရတဲ့ဟာ ထိန်း‌ကျောင်းနိုင်ဖို့ နောက်ထပ် ဒီလိုမျိုးနှိပ်စက်တဲ့ ဝန်ထမ်းယန္တရား မပေါ်ပေါက်အောင် ဆိုတဲ့ ယုံကြည်ချက်နဲ့အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အကျဉ်းသား ၆၀၀ သာဆန့်တဲ့ မုံရွာအကျဉ်းထောင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ အကျဉ်းသား ၁၀၀၀ ကျော် ရှိလာတာကြောင့် ထောင်အတွင်း အကျဉ်းသားတွေ နေထိုင် စားသောက်ရေး အဆင်မပြေကြဘူးလို့လည်း မုံရွာထောင်အတွင်း အကျဉ်းကျခံနေရတဲ့ မိသားစုဝင် တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013