Home
နိုင်ငံတကာ
မက္ကဆီကို တရားစီရင်ရေးစနစ် ပြင်ဆင်မည့်အပေါ် တရားသူကြီးထောင်ချီ ဆန္ဒပြ
DVB
·
August 21, 2024
Photo-REUTERS / MEXICAN GOVERNMENT TV

မက္ကဆီကိုနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ပြန်လည်ပြင်ဆင်မယ့် အာဏာရပါတီရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြမှုတွေ မြင့်တက်နေချိန်မှာ မက္ကဆီကိုရဲ့ အောက်တရားရုံးနဲ့ အထက်တရားရုံးက တရားသူကြီး ၁,၀၀၀ ကျော်ဟာ သြဂုတ် ၁၉ ရက်မှာ စတင်ခဲ့တဲ့ ရက်အကန့်အသတ်မရှိ တနိုင်ငံလုံးဆိုင်ရာ ဆန္ဒပြပွဲမှာ ပါဝင်ဖို့ ဆန္ဒပြုခဲ့ကြပါတယ်။

သြဂုတ် ၁၉ ရက်မှာ မဲအပြတ်အသတ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက်မှာ သူ့အဖွဲ့ဝင်တွေဟာ သြဂုတ် ၂၁ ရက်နေ့သပိတ်မှာ ပါဝင်မှာဖြစ်ကြောင်း တိုက်နယ်တရားသူကြီးများနဲ့ ခရိုင်တရားသူကြီးများ အမျိုးသားအသင်းက ပြောကြားခဲ့ပါတယ်။

အဲဒီအသင်းဟာ အောက်တရားရုံးနဲ့ အထက်တရားရုံးက တရားသူကြီးပေါင်း ၁,၄၀၀ လောက်ကို ကိုယ်စားပြုပါတယ်။ သြဂုတ် ၁၉ ရက် သပိတ်မှောက်ခဲ့ကြတဲ့ သမဂ္ဂတွေဟာ မက္ကဆီကိုရဲ့ တရားရေးဝန်ထမ်း ၅၅,၀၀၀ ကို ကိုယ်စားပြုပါတယ်။

တရားစီရင်ရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုကြောင့် ကုသိုလ်အခြေခံ အသက်မွေး လမ်းကြောင်းတွေ အဆုံးသတ်သွားတော့မယ်လို့ သူတို့က ဆိုပါတယ်။

သမ္မတ အန်ဒရေးစ် မာနူယယ် လိုပက်ဇ် အိုဘရာဒေါဟာ သြဂုတ် ၂၀ ရက် သူ့ရဲ့ ပုံမှန် မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ တရားသူကြီးများသပိတ်ဟာ လွတ်လပ်မှုဖြစ်ပြီး လေးစားပေမဲ့ ဥပဒေအရ ဒီသပိတ်က တရားမဝင်ဘူးလို့ ပြောကြားလိုက်ပြီး တရားသူကြီးတွေဟာ အကျင့်ပျက်ခြစားကြကြောင်း ပြောဆိုခဲ့တာပါ။

အထက်ရုံး၊ အောက်ရုံးက တရားသူကြီးတွေနဲ့ ဝန်ကြီးတွေသာ အလုပ်မလုပ်ဘူးဆိုရင် ဒီသပိတ်ကြောင့် အကူအညီတောင်ရနိုင်ပြီး အနည်းဆုံးတော့ လူဆိုးဂိုဏ်းက ရာဇဝတ်ကောင်တွေကို အလွတ်မပေးဘူးဆိုတာကို အာမခံချက် ပေးရမှာပါလို့လည်း ဆိုပါတယ်။

တရားရုံးချုပ် တရားသူကြီးတွေ အပါအဝင် တရားသူကြီးတွေကို လူထုဆန္ဒမဲနဲ့မှ ရွေးကောက်တင်မြှောက်ခံရမယ်ဆိုတဲ့ တရားစီရင်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဟာ  ရာထူးက နုတ်ထွက်တော့မယ့် သမ္မတ အန်ဒရေးစ် မာနူယယ် လိုပက်ဇ် အိုဘရာဒေါရဲ့ ထိပ်တန်းဦးစားပေး ဖြစ်ပါတယ်။

ဒါပေမဲ့ အပြောင်းအလဲတွေကြောင့် သမ္မတအာဏာအပေါ် အပြန်အလှန် ထိန်းကျောင်းမှုကို ပျက်ပြားစေပြီး တရားစီရင်ရေးကဏ္ဍကို နိုင်ငံရေးအရ ချုပ်ကိုင်မှုဆီ ဦးတည်သွားစေမှာကို စိုးရိမ်မှုတွေအကြား အဆိုပြုချက်တွေကြောင့် တရားရေးနယ်ပယ်မှာ ကမောက်ကမတွေ ဖြစ်ခဲ့ရပါတယ်။

လက်ဝဲခေါင်းဆောင်ရဲ့ ရာထူးသက်တမ်း နောက်ဆုံးလမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ဒီပြုပြင်ပြောင်းလဲရေးကို အသစ်ရွေးချယ် တင်မြှောက်ထားတဲ့ ကွန်ဂရက်က လွှတ်တော်ကိုယ်စားလှယ်တွေဟာ နောက်လမှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကွန်ဂရက်အောက်လွှတ်တော်ရှိ မိုရီနာပါတီရဲ့ ခေါင်းဆောင်ဟာ လာမယ့်နှစ်မှာ အောက်တရားရုံးက တရားသူကြီးအားလုံးရဲ့ ထက်ဝက်နဲ့အတူ တရားရုံးချုပ် တရားသူကြီး အားလုံးရဲ့ ရွေးကောက်ပွဲမှာ အဆင့်ဆင့် ပြောင်းလဲပြင်ဆင်ခြင်းတို့ကို ပြဋ္ဌာန်းမယ့် အဆိုပြုချက်ကို အသေးစိတ် ဖော်ပြခဲ့ပါတယ်။ ကျန်တာကို ၂၀၂၇ ခုနှစ်မှာ ရွေးချယ်မှာဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013