Home
ဆောင်းပါး
တော်လှန်ရေးသမား ချိုနဲ့လား
DVB
·
January 14, 2025

ဒီကာလမှာ အတော်ခေတ်စားလာတာက တော်လှန်ရေးသမားတွေပဲလို့ ကျနော် ထင်တယ်။ အဲဒီတော့ ကျနော့်ခေါင်းထဲ စိတ်ထဲကို စကားစုလေးတခု ဝင်လာတယ်။ အဲဒါက တော်လှန်ရေးသမား ချိုနဲ့လား ဆိုတဲ့ မေးခွန်းပါပဲ။

ဒီမေးခွန်းရဲ့ မူလစာသားက ငရဲဆိုတာ ချိုနဲ့လားပါ။ ဘဘ ဟံသာဝတီဦးဝင်တင်ရဲ့ စာအုပ်ပါ။ ကျနော်က ဘာဖြစ်လို့ တော်လှန်ရေးသမား ချိုနဲ့လားလို့ မေးခွန်းထုတ်ချင်ရတာလဲ ဆိုတော့ ဒီအချိန် ဒီကာလ တိုင်းပြည် ရေထဲ မိုးထဲ မုန်တိုင်းထဲ ရောက်နေတဲ့အချိန်မှာ တိုင်းပြည်ရဲ့ နေရာအနှံ့တိုင်းမှာ စစ်အာဏာရှင်ကို နည်းလမ်းအမျိုးမျိုးနဲ့ တော်လှန်တိုက်ပွဲဝင်နေတဲ့သူတွေ အပြိုင်းအရိုင်း ပေါ်ထွက်နေတဲ့ အချိန်လည်း ဖြစ်လို့ထင်ပါရဲ့။

တော်လှန်ရေးကာလမတိုင်မီ ကျနော်တို့ကို လွှမ်းမိုးထားတဲ့ ကမ္ဘာသိ တော်လှန်ရေးသမား တယောက် ရှိတယ်။ သူ့ကို လူငယ်အတော်များများက ချစ်ခင်လေးစား အားကျကြတယ်။ သူက အာဂျင်တီးနား နိုင်ငံသား ရဲဘော်ချီပါ။

တော်လှန်ရေးသမား ချီဂွေဗားရား

ချီဂွေဗားရား (Che Guevara) ဟာ အာဂျင်တီးနားနိုင်ငံသား တော်လှန်ရေးသမား၊ ဆရာဝန်၊ စာရေးဆရာနဲ့ ပြောက်ကျားစစ်ဆင်ရေးကျွမ်းကျင်သူ ဖြစ်တယ်။ သူ့ရဲ့ တော်လှန်ရေးစိတ်ဓာတ်ဟာ အရင်းရှင်စနစ်၊ ကိုလိုနီလက်သစ်စနစ်နဲ့ ပဒေသရာဇ်စနစ်တွေကို ဆန့်ကျင်ပြီး ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးလုပ်ဖို့ လိုအပ်တယ်လို့ ယုံကြည်ခြင်းကနေ စတင်ခဲ့တာ တွေ့ရပါတယ်။

ချီဂွေဗားရားဟာ ဆေးကျောင်းသားဘဝကတည်းက လက်တင်အမေရိကတိုက်အနှံ့ ခရီးထွက်ခဲ့ပြီး ပြည်သူတွေရဲ့ ဆင်းရဲနွမ်းပါးမှုတွေကို တွေ့မြင်ခဲ့ပါတယ်။ အဲဒီအတွေ့အကြုံ‌တွေကြောင့် သူ့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာခဲ့ပြီး တော်လှန်ရေးတရပ် လိုအပ်ကြောင်း ယုံကြည်လာခဲ့သူပါ။ သူ့ရဲ့ တော်လှန်ရေးစိတ်ဓာတ်ဟာ သူ့နိုင်ငံအတွက်သာမက တောင်အမေရိကတိုက်နိုင်ငံတွေ အားလုံးကို လွတ်လပ်စေချင်တယ်၊ ချမ်းသာစေချင်ခဲ့တာပါ။

ယခု မျက်မှောက် မြန်မာပြည်က အချို့တော်လှန်ရေးသမား အမည်ခံတွေကတော့ ပါးစပ်က ဘုရား ဘုရား၊ လက်က ကားရား ကားရား ဆိုသလိုက အများသား။ ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေး လုပ်နေပါတယ်လို့ အများပြည်သူ သိဖို့ သေနတ်ကလေး တပြပြနဲ့၊ ယူနီဖောင်းလေး တပြပြနဲ့ ကြွားချင်တာက ခပ်များများရယ်။

အခုတလော တော်လှန်ရေးသမား ဆိုတာ ချိုနဲ့လားလို့ မေးရလောက်အောင် ဖောက်ပြန်မှုတွေ၊ အချင်းချင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမဆန်စွာ သတ်ဖြတ်မှုတွေ မြင်ရ ကြားရတာ နားမချမ်းသာသလို စိတ်လည်း မချမ်းသာပါဘူး။ ခင်ဗျားက အငေါ်တူးပြီး စောဒကတက်နိုင်တယ်။ ငါတို့လုပ်တာနည်းနည်း ဟိုဘက်က စစ်ခွေးတွေ လုပ်တာကျ ကန်းနေသလားပေါ့။ ဟိုဘက်ကတော့ လက်နှီးစုတ် စစ်တပ်ကြီးမို့ အထွေအထူး ပြောနေဖို့ မလိုဘူး ထင်ပါတယ်။ ကိုယ့်ဘက်က တော်လှန်ရေးသမားတွေကိုတော့ ချိုမထွက်စေချင်တာ စိတ်ရင်းအမှန်ပါဗျာလို့ပဲ ပြောပါရစေ။

တော်လှန်ရေးလုပ်ပြီး သေနတ်ကိုင်ရင် သေနတ်စည်းကမ်း နားလည်ရပါတယ်။ ပြည်သူလူထုရှေ့ သေနတ်ကြီး တကားကားနဲ့ မထီမဲ့မြင် မျက်နှာချိုးနဲ့ဆိုရင်တော့ တပည့်တွေမကောင်း ဆရာတွေခေါင်းမို့ သက်ဆိုင်ရာ စစ်ရေးနဲ့ တော်လှန်ရေးခေါင်းဆောင်များ ကိုယ့်တပ်ကို ကိုယ် နိုင်အောင်ထိန်းကြပါ။ ပြည်သူက ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး ဆိုတဲ့ အဖြစ်မျိုးနဲ့ မတိုးချင်ကြပါဘူး။

တော်လှန်ရေးဆိုတာ အထူးသဖြင့် အုပ်ချုပ်ရေးစနစ်၊ အုပ်ချုပ်သူများ၊ သို့မဟုတ် လူမှုရေးစနစ်များကို ပြောင်းလဲရန် ကြိုးပမ်းမှုတရပ် ဖြစ်ပါတယ်။ အဲဒီလို အခြေခံ သဘောလေးတွေတော့ နားလည်အောင် သင်ပေးထားကြပါ။

တော်လှန်ရေးများဟာ အမျိုးမျိုးသော အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်နိုင်ပြီး အများအားဖြင့် လူထု၏ မကျေနပ်မှုများ၊ အခွင့်အရေးများကို လိုလားမှုများ၊ သို့မဟုတ် အုပ်ချုပ်ရေးစနစ်၏ မတရားမှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

တော်လှန်ရေးများဟာ အကြမ်းဖက်မှု မပါဝင်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းမှစ၍ အကြမ်းဖက်မှုများ ပါဝင်သော တိုက်ပွဲများအထိ အမျိုးမျိုးသော ပုံစံများလည်း ရှိနိုင်ပါတယ်။

တော်လှန်ရေးသမားမှန်ရင် နိုင်ငံရေးကိုလည်း နားလည်ထားသင့်တယ်လို့ မြင်ပါတယ်။ တချို့က တော်လှန်ရေးလုပ်တာ နိုင်ငံရေးနားလည်စရာ မလိုဘူး။ ငါတို့ စစ်တိုက်နိုင်ရင် ရပြီလို့ ထင်တယ်။ အဲဒါ မမှန်ဘူးနော်။ အဲဒါခွေးစစ်တပ်က ချင်း(ဂျင်း)တက်ကြီး။ ကိုယ့်လူတွေ မစားမိဖို့လိုတယ်။

နိုင်ငံရေး

နိုင်ငံရေး ဆိုတာကတော့ လူ့အဖွဲ့အစည်းမှာ အာဏာ၊ အုပ်ချုပ်မှုနဲ့ ဆက်ဆံရေးတွေကို  စီမံခန့်ခွဲခြင်းနဲ့ ဆုံးဖြတ်ချက်ချခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆိုလိုပါတယ်။ အစိုးရများ၊ ပါတီများ နဲ့ အခြားအဖွဲ့အစည်းများဟာ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပါဝင်ကြပြီး လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ တိုးတက်စေဖို့ ကြိုးပမ်းကြရတဲ့ လုပ်ငန်းစဉ်ပါ။ တော်လှန်ရေးသမားဟာ နိုင်ငံရေးပါမက စစ်ရေးပါ နားလည်ထားရင် ကျွမ်းကျင်ပိုင်နိုင်ထားရင် ပိုကောင်းပါတယ်။

စစ်ရေး

စစ်ရေး ဆိုတာကလည်း နိုင်ငံတနိုင်ငံနဲ့ နိုင်ငံတနိုင်ငံ၊ သို့မဟုတ် အုပ်စုတစုနဲ့ အုပ်စုတစုကြား စစ်ဆင်ရေးများ၊ တိုက်ပွဲများနဲ့ ပဋိပက္ခများ ဖြစ်ပါတယ်။ စစ်ရေးဟာ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝအရင်းအမြစ်တွေနဲ့ အခြားအကြောင်းအရာများကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။ စစ်ရေးကို နားလည်ရင် ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ရယူရမလဲ ဆိုတာ မှန်းဆနိုင်မှာပါ။

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး ဆိုတာ လူသားတွေ အချင်းချင်း အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ နှစ်သိမ့်မှုနဲ့ အတူတကွ နေထိုင်ခြင်းကို ဆိုလိုပါတယ်။ ဒါဟာ စစ်ပွဲမရှိခြင်း၊ အကြမ်းဖက်မှုမရှိခြင်းသာမက လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေမှာပါ တည်ငြိမ်မှုရှိခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့အတွက် လူတိုင်းရဲ့ ကြိုးပမ်းမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။

အနှစ်ချုပ်ပြောရရင် တော်လှန်ရေးသမားဟာ ခေါင်းမှာ ချိုမပါရပါဘူး။ အသိဉာဏ်ပညာသာ ပါရပါမယ်။ နှလုံးသားက ဖြူစင်ဝင်းလက်နေဖို့ လိုပါမယ်။ တော်လှန်ရေးသမားဟာ ရန်သူနဲ့တွေ့ရင် မီးလို၊ ပြည်သူနဲ့တွေ့ရင် ရေလို ကျင့်ရပါမယ်။ တော်လှန်ရေးသမားဟာ ကိုယ်ယုံကြည်ရာကို အသက်နဲ့ လဲယူရဲရပါမယ်။ တော်လှန်ရေးသမားဟာ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး နားလည်နေရမယ်။ တော်လှန်ရေးသမားဟာ သက်သာမှုနယ်ပယ်ထဲကနေ ဖောက်ထွက်ရဲရမယ်။ နောက်ဆုံး ပြောချင်တာက တော်လှန်ရေးသမားဟာ တဖက်က သေနတ်ကိုင်ထားရင် နောက်တဖက်က ကိုယ်ချင်းစာတရားနဲ့ လူသားဆန်မှုကို ကိုင်စွဲထားစေချင်တယ်...။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024