Home
ဆောင်းပါး
၂၀၂၅ မှာ ခူးဆွတ်နိုင်တော့မယ့် ဖက်ဒရယ်ပန်းကို ဘယ်လို ပန်ကြမယ်
DVB
·
January 6, 2025

ငြိမ်းချမ်းရေး ပန်းတပွင့်

မြန်မာ့နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ် ပန်းပွင့်ဖို့အတွက် မုန်တိုင်းနဲ့အတူလာခဲ့တဲ့ ပြောင်းလဲခြင်း နိယာမ သဘောတရား တခုထက်ပိုတဲ့ အိပ်မက်တွေရှိတယ်။ ဒီ အ‌ရောင်အသွေးစုံစွာ လှပတဲ့ ဖက်ဒရယ် ပန်းတပွင့်ဟာ ပြည်ထောင်စုသား သွေးချင်း ညီအစ်ကိုမောင်နှမတို့ နှစ်ပေါင်းများစွာ မခူးဆွတ်နိုင်ခဲ့တဲ့ ငြိမ်းချမ်းရေး ပန်းတပွင့်ဆိုလည်း မမှားဘူး။

အနုပညာမြောက်စွာ စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးဆွဲခဲ့ကြရပြီး နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သည့်တိုင် အဆုံးမသတ်နိုင် ဖြစ်ခဲ့ရသည့် ဖက်ဒရယ်ဒီမိုကရေစီ ပန်းချီကားတချပ်လို့ လည်း ဆိုနိုင်ပါရဲ့။

ဒီနွေဦးတော်လှန်ရေးမှာဖြင့် ဖက်ဒရယ်ပန်းပွင့်ဖို့ ထိုက်တန်ကြောင်း အမှန်တရားချစ်မြတ်နိုးသူ အဓမ္မ မနှစ်သက်သူတိုင်းက တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။ ဖက်ဒရယ် ပန်းချီကားကို အဆုံးသတ်ကြမည့် စုတ်ချက်ကိုင်သူတိုင်းက ယုံကြည်ကြပြီ။ သူတို့သည် ပြည်သူ့အတွက် ပြည်သူရှိတယ်လို့ တညီတညတ်တည်း ယုံကြည်လိုက်ကြပါပြီ။

အချိုးမညီ ဖက်ဒရယ်စနစ်

တူညီတဲ့ ရလဒ်တွေကို ရရှိခံစားနိုင်ကြဖို့ မတူညီသော အခွင့်အရေးများ ပေးကြဖို့ မူအားဖြင့် သဘောတူကြတာ တွေ့လာရပါတယ်။

ဗမာတိုင်းရင်းသား လူမျိုးအများစုက ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ ခါးသီးလှတဲ့ ဘ၀တွေအပေါ် ထိထိခိုက်ခိုက် ကိုယ်ချင်းစာနာတတ်ခဲ့ကြပြီ။ ဗမာလူမျိုးကြီး၀ါဒကို ကျင့်သုံးခဲ့တဲ့ စစ်အာဏာရူး ခေါင်းဆောင်တွေရဲ့ အပြစ်တွေဟာ နွေဦးရဲ့ ပြောင်းလဲခြင်းသဘောတရား နိယာမလို ရွက်သစ်တွေ ပုရစ်ဖူးတွေ‌‌ ‌၀ေဖို့အတွက် ရွက်ဟောင်းတွေ ကြွေကျ ပေးရသလိုဖြစ်ပါလိမ့်မယ်။ ဒါဟာ သဘာဝပါပဲ။

အပြောင်းအလဲအတွက် ကြွေကျပေးရတဲ့ နာကျင်မှုဟာ ‌‌ရှေ့အနာဂတ်လှပဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးများလေလား နွေဦးရယ်...ဟု ညှီးတွားမယ်ဆိုလည်း ညှီးတွားလောက်ပါရဲ့။ နွေဦးရဲ့ အပြောင်းအလဲဟာ လေငြိမ်တဲ့ အခိုက်အတန့်မှာ ကြာညောင်းတတ်ပြီး မုန်တိုင်းတွေ တိုက်ခတ်တဲ့အခါမှာတော့ နှစ်ဦး နှစ်ဖက် နာကျင်မှုဟာ ပိုတတ်ပါတယ်။ သို့သော်လည်း မုန်တိုင်းကျပြီရင်တော့ ကောင်းကင်ပြင်ဟာ ကြည်လင် ၀င်းပလာတတ်သလို နွေဦးရဲ့ သရုပ် သဏ္ဌာန်ဟာလည်း ပိုမို လှပ ပီပြင်လာတတ်ပါတယ်လေ။

မြန်မာနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်က ဘာလဲ

မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ်စနစ်က တိုင်းရင်းသားလူမျိုးတွေအတွက် အမျိုးသားရေးအချိုးအစားကို ထိန်းသိမ်းထားရမှာဖြစ်ပြီး ခွဲခြားမှုမရှိတဲ့ ညီမျှမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအခြေပြု စည်းမျဉ်းစနစ်တခုဖြစ်ဖို့လိုပါမယ်။ မဟာဗျူဟာအနေနဲ့ကတော့ တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးပြီး အချိုးအစားညီညီ ဖက်စပ်လုပ်ကိုင်နိုင်မယ့် စနစ်အဖြစ် ရည်ရွယ်သင့်တယ်လို့ ပညာရှင်အချို့က ထောက်ပြကြပါတယ်။

ဒီဖက်ဒရယ်စနစ်ကို အနက်အဓိပ္ပာယ်ပိုနားလည်အောင် ပြောရမယ်ဆိုရင် ဖက်ဒရယ်စနစ်ဟာ တိုင်းရင်းသားလူမျိုးစုံရှိတဲ့ မြန်မာပြည်တွင်း ပဋိပက္ခနဲ့ အမျိုးသားလွတ်မြောက်ရေးကို ဂရုတစိုက်ဖြေရှင်းပေးဖို့ ရည်ရွယ်ပါတယ်။ လက်ရှိစနစ်တချို့ရဲ့ အနှစ်သာရက တိုင်းရင်းသားလူမျိုးတခုစီက ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်စီမံခန့်ခွဲရေးနဲ့ ရပ်တည်မှုရှိလို့ရတယ်ဆိုတဲ့ ဝေဖန်မှုပဲဖြစ်ပါတယ်။

နောက်တခုက တိုင်းရင်းသားနယ်မြေတွေကို မိမိတို့ပြည်နယ်တခုလိုပဲ စီမံခန့်ခွဲနိုင်စေဖို့အတွက် ဖွဲ့စည်းထားတဲ့ စုပေါင်းဦးဆောင်မှုဟာ ဖက်ဒရယ်စနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးနယ်မြေတွေဟာ သူတို့ရဲ့အပေါ်မှာ လွှမ်းမိုးတဲ့အခွင့်အရေးတွေနဲ့ အလုပ်လုပ်ကြပြီး ကိုယ်ပိုင်စီမံခန့်ခွဲနိုင်တဲ့ အခြေအနေရှိလာပါတယ်။

ဖက်ဒရယ်စနစ်ကို တည်ဆောက်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ညီမျှမှုနဲ့ ပြည့်စုံတဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နိုင်ငံတခုကို ရှာဖွေဖို့ပါပဲ။ အခုအချိန်မှာ မြန်မာနိုင်ငံတဝန်းမှာ တစုတဝေးတည်းမှာ နေထိုင်ရင်း တိုင်းရင်းသားလူမျိုးတွေအချင်းချင်း ထိန်းသိမ်းမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်စီမံခန့်ခွဲနိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက်ဖို့ လိုအပ်နေတာပါ။

မြန်မာတွေ လက်နက်နဲ့ ငြိမ်းချမ်းရေး ရနိုင် မရနိုင်

လက်နက်နဲ့ ငြိမ်းချမ်းရေး ရနိုင်မရနိုင်ဆိုတာ အလွန်စိတ်ဝင်စားစရာအကြောင်းအရာပဲ မဟုတ်လား။ အများဆုံး လက်နက်ကိုင်ပဋိပက္ခတွေက အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးခေါင်းစဉ်ကို ပြန်လည်ဆွေးနွေးဖို့ လိုအပ်တာတွေ့ရပါတယ်။ သုတေသနတွေကလည်း ပြသခဲ့ကြပြီဖြစ်သလို၊ လက်နက်နဲ့ တည်ဆောက်တဲ့ ငြိမ်းချမ်းရေးတွေက အချိန်အတိုင်းအတာကြာတော့ ငြိမ်းချမ်းရေးကို ဆက်မထိန်းသိမ်းနိုင်တဲ့အခါတွေ ရှိတတ်ပါတယ်။

စနစ်တကျ နည်းလမ်းနဲ့ ဆွေးနွေးမှုတွေကတဆင့် နိုင်ငံတကာအထိ အကောင်အထည်ဖော်မှုတွေ ပြုလုပ်ရပြီး ငြိမ်းချမ်းရေးကို ရောက်ရှိဖို့ လုံ့လဥဿဖတွေနဲ့ လုပ်ဆောင်မှုတွေဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။

နောက်ပြီး လူမှုရေးပညာရှင်တွေကဆိုရင် လူထုရဲ့အမြင်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ ပြောကြပါတယ်။ လက်နက်မစွဲပဲ သစ္စာရှိတဲ့ အကြံပေးချက်တွေကို နားလည်ပြီး အပြန်အလှန်လေးစားမှုနဲ့ ပူးပေါင်းဆောင်ရွက်မူတွေ ပြုလုပ်ရတာ ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

စစ်အနိုင်တိုက်မှ တကယ် ငြိမ်းချမ်းမှာလား

စစ်အနိုင်တိုက်မှ စစ်ကောင်စီကို ဖြုတ်ချနိုင် မရနိုင်ဆိုတာ အလွန်ခက်ခဲတဲ့ အကြောင်းအရာပါပဲ။ စစ်အနိုင်တိုက်နိုင်တာနဲ့ အခြေအနေတွေကို ပြောင်းလဲနိုင်ပေမယ့်၊ အမြဲတမ်း အောင်မြင်မှုမရရှိနိုင်တဲ့ အခါတွေရှိတတ်ပါတယ်။

အခြေအနေတွေကို အကောင်းဆုံးဖြေရှင်းဖို့အတွက် နည်းလမ်းတွေကို ရှာဖွေပြီး အပြန်အလှန်လေးစားမှုနဲ့ ဆွေးနွေးမှုတွေကို အခြေခံပြီး လုပ်ဆောင်ရမှာပါ။ ငြိမ်းချမ်းရေးရရှိဖို့အတွက် အတူတကွ လုပ်ဆောင်ရမှာပါ။

လက်နက်ကိုင်လမ်းစဥ်နဲ့ တော်လှန်ရေး

လက်နက်ကိုင် တော်လှန်ရေးနဲ့ ပတ်သက်ပြီး အမြဲတမ်း အောင်မြင်မှု ရရှိနိုင်မည်မဟုတ်ပါ။ တခါတရံမှာ ပြည်သူတွေနဲ့ဦးဆောင်သူတို့ ရဲ့ညှိနှိုင်းမှု၊ ပဋိပက္ခကို အဆုံးသတ်ရန်ကောင်းတဲ့ နည်းလမ်းတွေ ရှိရပါတယ်။

လက်နက်ကိုင် လှုပ်ရှားမှုတွေမှာ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေ အမြဲရှိတဲ့အတွက် ဦးဆောင်သူနဲ့ ပြည်သူတို့ရဲ့ နားလည်မှုတွေ အင်မတန် လိုအပ်ပါတယ်။ အမြဲတမ်း တည်ငြိမ်တဲ့ အခြေအနေကို ရရှိအောင် စည်းမျဉ်းစည်းကမ်းနဲ့ အပြန်အလှန်လေးစားမှုတွေနဲ့ အဆင့်ဆင့်အောင်မြင်မှုကို ရှာဖွေနေရပါမယ်။ အပြန်အလှန်နားလည်မှုနဲ့ သဘောထားချင်း ဆန့်ကျင်မှုတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းသစ်တွေ အမြဲရှာဖွေကြရမှာပါ။

ပြီးတော့ အချိန်တွေရဲ့ ပြောင်းလဲမှုနဲ့အတူ ပြုပြင်ပြောင်းလဲရေးတွေကို နှစ်ဖက်လက်ခံပြီး တာ၀န်ယူမှုရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖြေရှင်းဖို့အတွက် ဘေးကင်းတဲ့ နည်းလမ်းတွေကိုလည်း  ရှာဖွေနေကြရမှာ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း စစ်ကောင်စီ အာဏာရူး ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုနဲ့အတူ မြန်မာ့မြေပေါ်က အပြီးအပိုင် ထာ၀ရ ပျောက်ကွယ်သွားတော့မှာပါ။ မကြာမီမှာ ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သစ်ဟာ “စစ်ကျွန်ဘ၀က လွှတ်မြောက်ခြင်းနဲ့ အတူ နှစ်ပေါင်းများစွာ မခူးဆွတ်နိုင်ခဲ့သော ဖက်ဒရယ်ပန်းတပွင့်ကို ခူးဆွတ်နိုင်ကြတော့မှာ...” ဖြစ်ပါတယ်ဆိုတာ ယုံကြည်မျော်လင့်လျက် နှစ်သစ်ကို ကြိုဆိုလိုက်ရပါတယ်။

ချစ်မင်းနွဲ့ကြည်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024