အီရန်တော်လှန်ရေးအစောင့်တပ်မှူး ကက်ဆမ် ဆူလေမန်နီ သေဆုံးတဲ့ ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီမှာ အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဆီးရီးယား တော်လှန်ရေးအတွက် တောင်းဆိုခဲ့ပါတယ်။
တော်လှန်ရေးတပ်ဦးကို ပြန်အသက်သွင်းခြင်းဟာ ဆူလေမန်နီရဲ့ စဉ်ဆက်မပြတ်ပန်းတိုင် ဖြစ်တယ်လို့ အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်မှာပြောတဲ့ မိန့်ခွန်းအတွင်း သူက ပြောပါတယ်။
ဇန်န၀ါရီ ၃ ရက်ဟာ အီရတ်မှာ အမေရိကန်ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်ခံရလို့ ဆူလေမန်နီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပြီး အီရန်နဲ့ အမေရိကန်တို့ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
တည်ငြိမ်မှုနဲ့ အာဏာကို ဆီးရီးယားနိုင်ငံဆီကနေ လုယူသွားတာ ခံထားရတယ်လို့ ခါမေနီက ပြောပြီး ဆီးရီးယားဟာ အခု မငြိမ်မသက်မှု၊ မင်းမဲ့စရိုက်နဲ့ နယ်မြေသိမ်းပိုက်ခံရမှုတွေဆီ ဦးတည်သွားလိမ့်မယ်လို့ ခါမေနီက ပြောပါတယ်။
“ဆီးရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်သူတွေဟာ ဆီးရီးယားရဲ့ ရဲရင့်တဲ့ လူငယ်တွေရဲ့ ခွန်အားနဲ့ ဆုံးဖြတ်ချက်ကို ရင်ဆိုင်ပြီး တနေ့မှာ ဆုတ်ခွာသွားရမှာပါ။ သံသယမရှိဘဲ ဒီလိုဖြစ်လာမှာပါ” လို့ ခါမေနီက ပြောပါတယ်။
ဆီးရီးယားမှာ ၁၃ နှစ်ကျော်ကြာ ပြည်တွင်းစစ်အပြီး အခုလအစောပိုင်းမှာ အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားတွေက မြို့တော်ကို သိမ်းပိုက်ခဲ့ပါတယ်။
ဒါကြောင့် သမ္မတ ဘတ်ရှား အယ်လ် အာဆတ် ထွက်ပြေးခဲ့ရပြီး သူ့မိသားစုရဲ့ ဆယ်စုနှစ် များစွာကြာအောင် အုပ်ချုပ်မှုက အဆုံးသတ်ခဲ့ပါတယ်။
Source : Reuters