မန်စီးတီးနောက်ခံလူ ကိုင်ဝေါ်ကာ အခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့မှာ အီတလီစီးရီအေဆီ ပြောင်းရွှေ့ဖို့ နီးစပ်လာပါတယ်။
အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတဲ့ ဝေါ်ကာကို ဆော်ဒီလိဂ်က ကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ ဝေါ်ကာကိုယ်တိုင်က မိသားစုအဆင်ပြေစေဖို့အတွက် ဥရောပမှာပဲ ဆက်ရှိချင်တယ်လို့ သိရပါတယ်။
ဝေါ်ကာကို ခေါ်ယူဖို့ အေစီမီလန်နဲ့ အင်တာမီလန် ၂ သင်းစလုံးက ချိတ်ဆက်နေပြီး ကနဦး အငှားစာချုပ်နဲ့ဖြစ်ပြီး ရာသီကုန်ချိန်မှ အပြီးသတ်စာချုပ် ချုပ်မယ့် သဘောတူညီမှု ရယူထားလိမ့်မယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
ဝေါ်ကာဟာ မနေ့ညက ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတချို့ကို ဖိတ်ကြားပြီး နှုတ်ဆက်ပွဲပါတီ ပြုလုပ်ခဲ့တယ်လို့လည်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
နည်းပြ ဂွါဒီယိုလာကတော့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဝေါ်ကာ ပါဝင်မလားဆိုတာ ဖြေကြားမှုမလုပ်ခဲ့ဘဲ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကစားသမားရဲ့ဆန္ဒကသာ အရေးကြီးကြောင်း ပြောသွားပါတယ်။