ဂျပန်နိုင်ငံ၊ မြို့တော် တိုကျိုမြို့မှာ ရှင်တိုဘာသာဝင် အယောက် ၈၀ လောက်ဟာ အအေးဒဏ်ကို မကြောက်မရွံ့ ရင်ဆိုင်ပြီး ရေခဲရေထဲ ဆင်းခဲ့ကြပါတယ်။
ဒါဟာ နှစ်သစ်မှာ စိတ်နှလုံးသန့်စင်စေဖို့နဲ့ ဆုတောင်းဖို့ ပြုလုပ်တဲ့ ဓလေ့တခု ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၂ ရက်က တက်ပိုဇူ အီနာရီဗိမာန်မှာ ရှင်တို ဘာသာဝင်တွေဟာ ခန္ဓာကိုယ် နွေးထွေးအောင် လေ့ကျင့်ခန်းတွေ အရင်လုပ်ကြပါတယ်။
ပြီးတော့မှ ခါးစည်းနဲ့ အဝတ်ဖြူတွေဝတ်ပြီး ရေခဲတုံးကြီးတွေ ထည့်ထားတဲ့ ရေကန်ထဲကို ဆင်းပြီး ဆုတောင်းတာဖြစ်ပါတယ်။
ဒီနှစ်ပွဲမှာ ၁၂ ကြိမ်မြောက် ပါဝင်တဲ့ အသက် ၅၁ နှစ်အရွယ် နာအိုဝါကိ ယာမာဂူချိက “ဒီနှစ် အရမ်းအေးတယ်။ ရေထဲမှာ သတိလစ်မသွားအောင် သတိထားရတယ်” လို့ ပြောပါတယ်။
သူက နှစ်သစ်မှာ သဘာဝဘေးအန္တရာယ်တွေ လျော့နည်းဖို့ ဆုတောင်းခဲ့ပါတယ်။ ဒီနှစ်ဟာ ဗိမာန်ရဲ့ ၇၀ ကြိမ်မြောက် နှစ်ပတ်လည် ဓလေ့ထုံးတမ်းပွဲ ဖြစ်ပါတယ်။
မိုးအုံ့နေတဲ့နေ့မှာ ကျင်းပခဲ့ကာ အပူချိန်က ၅ ဒီဂရီဆဲလ်စီးယပ်စ် (၄၁ ဖာရင်ဟိုက်) လောက်ပဲ ရှိခဲ့ပါတယ်။
ဒီဓလေ့ထုံးတမ်းကို ၁၉၅၅ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ ကောင်းကျိုးအတွက် ရေအေးလောင်းပြီး ဆုတောင်းခဲ့တဲ့ ရှင်တိုဘုန်းတော်ကြီး တပါးဆီက စတင်ခဲ့တာ ဖြစ်ပါတယ်။
Source : Reuters