ဂျပန်ထိပ်တန်းကားကုမ္ပဏီတွေဖြစ်တဲ့ ဟွန်ဒါနဲ့ နစ်ဆန်းတို့ ပူးပေါင်းပြီး ကမ္ဘာ့တတိယအကြီးဆုံး ကားလုပ်ငန်းစု ထူထောင်ဖို့ သဘောတူညီထားတယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။
လာမယ့်နှစ် ဇွန်လမှာ သဘောတူညီချက် အပြီးသတ်ဖို့ ရည်ရွယ်ထားပြီး ၂၀၂၆ ဩဂုတ်လမှာ ဦးပိုင်ကုမ္ပဏီအဖြစ် ထူထောင်မှာဖြစ်ပါတယ်။ တိုယိုတာနဲ့ ဗောက်စ်ဝက်ဂွန်ပြီးရင် ဒီလုပ်ငန်းစုဟာ တတိယအကြီးဆုံး ဖြစ်လာမှာပါ။
တက်စ်လာနဲ့ တရုတ်ကားကုမ္ပဏီတွေရဲ့ လျှပ်စစ်ကားစိန်ခေါ်မှု ရင်ဆိုင်လာရချိန်မှာ အစဉ်အလာ ကားကုမ္ပဏီကြီးတွေဟာ ရှေ့ဆက်လည်ပတ်နိုင်ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။
ဟွန်ဒါဟာ တိုယိုတာပြီးရင် ဂျပန်မှာ ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး စျေးကွက်တန်ဖိုး ဒေါ်လာ ၄၀ ဘီလီယံ ကျော်သလို ဂျပန်မှာ တတိယအကြီးဆုံးဖြစ်တဲ့ နစ်ဆန်းက ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိပါတယ်။
ပူးပေါင်းမှုနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၂၃ ရက်က သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာမှာ ဟွန်ဒါနဲ့ နစ်ဆန်း စီအီးအိုတွေနဲ့အတူ နစ်ဆန်းရဲ့ မိတ်ဖက် မစ်ဆူဘီရှီမော်တာ အကြီးအကဲပါ တက်ရောက်ခဲ့ပါတယ်။
ကုမ္ပဏီတွေရဲ့ ဘုတ်အဖွဲ့ အစည်းအဝေးတွေ အပြီးမှာ ဒီလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဟွန်ဒါဟာ ဦးပိုင်ကုမ္ပဏီသစ် ဘုတ်အဖွဲ့ရဲ့ နေရာအများစု ရရှိမှာဖြစ်ပါတယ်။ ဖီးယတ်ခရိုင်စလာ ကားကုမ္ပဏီ (Fiat Chrysler Automobiles) နဲ့ PSA တို့ ပူးပေါင်းပြီး Stellantis ကုမ္ပဏီကို ၂၀၂၁ ခုနှစ်က ဖန်တီးခဲ့တဲ့နောက်ပိုင်း အခုပူးပေါင်းမှုဟာ အကြီးဆုံးဖြစ်လာမှာပါ။
မစ်ဆူဘီရှီမော်တာပါ ပေါင်းလိုက်ရင် ကမ္ဘာ့ရောင်းအားဟာ အစီးရေ ၈ သန်းကျော်မှာ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့နံပါတ် ၃ က တောင်ကိုရီးယား ဟွန်ဒိုင်းမော်တာအုပ်စုဖြစ်ပြီး KIA ပါ ပါဝင်ပါတယ်။
Source : Reuters