Home
နိုင်ငံတကာ
ဂျပန် ‘ဆာကေး’ အရက်ချက်နည်းကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကို စာရင်းသွင်းနိုင်
DVB
·
December 2, 2024
Photo : Reuters

ဆာကေး (Sake) ဂျပန်အရက်ချက်လုပ်နည်းကို ထိတွေ့မရနိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခုတပတ်အတွင်း ပါရာဂွေးနိုင်ငံက ယူနက်စကိုကော်မတီ အစည်းအဝေးမှာ တရားဝင် အတည်ပြုမယ်လို့ မျှော်မှန်းထားကြပါတယ်။

ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပမယ့် ၁၉ ကြိမ်မြောက် အစည်းအဝေးမှာ ယူနက်စကိုစာရင်းထဲ ပါဝင်လာပြီဆိုရင် ဂျပန်နိုင်ငံရဲ့ ၂၃ ခုမြောက် ယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာမှာပါ။

ဆာကေးဟာ ဆန်နဲ့ တဆေး အပါအဝင် အရက်ချက်ရာမှာသုံးတဲ့ ကိုဂျီ (Koji) မှိုနဲ့ ရေတို့ကို ရောစပ်ပြီး ရက်ပေါင်း ၂၀ ကြာအောင် အချဉ်ဖောက်ရတဲ့ ရှေးဟောင်းနည်းလမ်းတခုလည်း ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ဝါရင့်အရက်ချက်လုပ်သူ မယ့်ဆာကို ကတော့ ကုလအေဂျင်စီရဲ့ အသိအမှတ်ပြုမှုဟာ ခက်ခဲတဲ့နှစ်အနည်းငယ်ကို ဖြတ်သန်းခဲ့ရပြီးနောက် ကြားရမယ့် သတင်းကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်မဟုတ်ဘဲ ရာသီဥတုပူနွေးလာတာက ဆန်စပါးရိတ်သိမ်းမှုနဲ့ အရည်အသွေးကို ထိခိုက်စေခဲ့တဲ့အပြင် ကုန်ကျစရိတ်ပါ မြင့်တက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆာကေးဟာ နေ့စဉ်သောက်အရက်တွေထဲမှာ ရေပန်းစားမှု နည်းသွားပေမဲ့လည်း ဂျပန်ယဉ်ကျေးမှုနဲ့တော့ ခွဲခြားမရနိုင်ဘူးဆိုပြီး ဖြည့်စွက်ပြောပါတယ်။

ကော့ခ်တေးလ် လိုမျိုး အရက်တွေကိုသာ အသောက်များလာတဲ့အတွက် ဆာကေး အရက်ချက်လုပ်သူတွေက ပြည်တွင်းရော ပြည်ပမှာပါ ရောင်းအားကျဆင်းမှုနဲ့  ကာလအတန်ကြာအောင် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ယူနက်စကိုက အသိအမှတ်ပြုပြီးတဲ့နောက် ကမ္ဘာမှာ လူသိများလာခဲ့တဲ့ ဂျပန်ရိုးရာ အစားအသောက် ဝါရှိုကု (Washoku) နဲ့ ဆူရှီလိုမျိုး ဆာကေးကိုပါ ရောင်းအားတက်လာဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဆာကေး အရက်ချက်နည်းဟာ ‘ဆန်-ဒန်း-ဂျီကိုမီ’ လို့ခေါ်တဲ့ အဆင့် ၃ ဆင့်နဲ့ အရက်ချက်စည်ကြီး တခုတည်းမှာတင် အချဉ်ဖောက်နည်းအမျိုးမျိုး အသုံးပြုနိုင်သလို ရာစုနှစ်နဲ့ချီအောင် သက်တမ်းရှိနေပြီလည်း ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013