စထရာဒါဗာရီ တယောတလက် လေလံတင်ရောင်းချမှာ ဖြစ်ပြီး ဒေါ်လာသန်း ၁၂ ကနေ ၁၈ သန်းအထိ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အီတလီနိုင်ငံက နာမည်ကျော် တယောပညာရှင် အန်တိုနီယို စထရာဒါဗာရီ ရဲ့ ၁၈ ရာစု ‘ရွှေခေတ်’ မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နယူးအင်္ဂလန် ဂီတကျောင်းက ရောင်းချမယ့် ဒီတယောကို “ဂျိုအာချင်-မာ စထရာဒါဗာရီးယပ်စ်” လို့ ခေါ်ပါတယ်။
ရရှိလာမယ့် ငွေတွေကို ကျောင်းသားတွေရဲ့ ပညာသင်ဆုအတွက် သုံးစွဲသွားမှာပါ။ ဒါဟာ တယောကို လှူဒါန်းခဲ့တဲ့ ဂီတကျောင်းက ဘွဲ့ရ ဂီတပညာရှင် ဆီဟွန်မာရဲ့ ဆန္ဒအတိုင်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် Masters Week လေလံပွဲမှာ ဆာ့သ်ဘီးစ် လေလံကုမ္ပဏီက ရောင်းချမှာဖြစ်ပါတယ်။
ဆာ့သ်ဘီးစ် ဥရောပဥက္ကဋ္ဌ ဟယ်လီနာ နယူးမန်းက “စထရာ ဆိုတာ တယောလောကမှာ ပီကာဆို လိုပါပဲ။ လူတိုင်းသိတဲ့ နာမည်တစ်ခုပါ” လို့ ပြောပါတယ်။
စထရာဒါဗာရီရဲ့ တယောတွေဟာ ဒေါ်လာသန်းနဲ့ချီ ရောင်းရလေ့ရှိပြီး အထူးသဖြင့် ၁၇၀၀-၁၇၂၀ ‘ရွှေခေတ်’ က ထုတ်လုပ်ခဲ့တဲ့ တယောတွေက အဖိုးတန်ဆုံး ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ ‘လေဒီဘလန့်’ စထရာဒါဗာရီးယပ်စ် တယောဟာ ဒေါ်လာ ၁၅ ဒသမ ၉ သန်းနဲ့ စံချိန်တင်ရောင်းချခဲ့ပါတယ်။
ဆီဟွန်မာ မတိုင်ခင်မှာ ဒီတယောကို ၁၉ ရာစု တယောပညာရှင် ဂျိုဇက် ဂျိုအာချင်က ပိုင်ဆိုင်ခဲ့ပါတယ်။
ဂျိုအာချင်ဟာ ဂီတပညာရှင် ဂျိုဟန်နက်စ် ဘရမ်းစ်နဲ့ နီးကပ်စွာ လက်တွဲလုပ်ကိုင်ခဲ့သူဖြစ်ပြီး ၁၈၇၉ ခုနှစ်မှာ ဘရမ်းစ်ရဲ့ ‘Violin Concerto in D Major, Op. 77’ ကို ဒီတယောနဲ့ပဲ ပထမဆုံး တီးခတ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
လေလံမတင်ခင် ဒီတယောကို ဟောင်ကောင်နဲ့ နယူးယောက်မြို့တွေမှာလည်း ပြသသွားမှာ ဖြစ်ပါတယ်။
Source: Reuters