အီတလီနိုင်ငံရဲ့ တပ်စ်ကနီပြည်နယ်မြို့တော် ဖလောရန့်စ်မြို့အနီးရှိ အယ်နီစွမ်းအင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ လောင်စာဆီ သိုလှောင်ရုံမှာ ဒီဇင်ဘာ ၉ ရက်က ပေါက်ကွဲမှုကြောင့် လူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိသွားကာ လူ ၃ ယောက် ပျောက်ဆုံးနေတယ်လို့ တပ်စ်ကနီ ဒေသဥက္ကဋ္ဌက ပြောပါတယ်။
တပ်စ်ကန်မြို့တော်ရဲ့ မြောက်ပိုင်း ဆင်ခြေဖုံးရှိ ကလန်ဇာနို မြူနီစီပယ်နယ်မြေက ပေါက်ကွဲမှုဟာ ကုန်တင်ကားတွေက ဓာတ်ဆီဆိုင်တွေဆီ သယ်ယူသွားမယ့် လောင်စာဆီတွေကို ဖြည့်ရတဲ့ နေရာမှာ ဖြစ်ပွားခဲ့ပြီးတော့ အနီးနားရှိ တခြား အရောင်းဆိုင်တွေကိုတော့ ထိခိုက်မှုမရှိပါဘူး။
ဒဏ်ရာရရှိသူတွေထဲက ၃ ယောက်ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ဒေသဆိုင်ရာ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ကနဦးတွေ့ရှိချက်တွေအရ လောင်စာဆီငွေ့ တိမ်တိုက် ပေါက်ကွဲသွားတာဖြစ်ပြီးတော့ မီးလောင်မှု ဖြစ်သွားကာ အဲဒီနေရာက အဆောက်အအုံပြိုကျခဲ့တာလို့ အရပ်ဘက်ကာကွယ်ရေး ပြည်နယ်ဝန်ကြီး မိုနီယာမွန်နီက သတင်းထောက်တွေကို ပြောပါတယ်။
တနာရီအတွင်းမှာပဲ မီးငြိမ်းသွားခဲ့ပေမဲ့ မီးလောင်မှုကြောင့် မီးခိုးမည်းတွေ ထူထူထပ်ထပ် ထွက်ပေါ်လာကြောင့် အဲဒီနေရာကို ဝေးဝေးနေကြဖို့နဲ့ အိမ်တွင်းမှာပဲ နေကြဖို့ ရပ်ကွက်နေသူတွေအတွက် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အနီးရှိ ပရာတိုမြို့မှ အစိုးရရှေ့နေတွေကတော့ မတော်တဆမှုအတွက် ရာဇ၀တ်မှုဆိုင်ရာ တာဝန်ရှိမှုကို ဆုံးဖြတ်ဖို့အတွက် စုံစမ်းစစ်ဆေးရေး အမှုဖွင့်လှစ်မှာ ဖြစ်ပြီး ရဲတပ်ဖွဲ့၊ မှုခင်းဆေးပညာဆိုင်ရာ ဆရာဝန်တွေနဲ့ နည်းပညာအကြံပေးတွေပါဝင်တယ်လို့ ပြောပါတယ်။
Source : Reuters