ကိုဆိုဗိုနိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၂ ခုကို ရေပေးဝေနေတဲ့ အရေးပါတဲ့ တူးမြောင်းတခုမှာ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ပေါက်ကွဲမှုကြောင့် ပျက်စီးသွား ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီတူးမြောင်းဟာ ကိုဆိုဗိုတနိုင်ငံလုံးအတွက်နီးပါး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးမှာ အရေးပါတာကြောင့် ည ၇ နာရီ မတိုင်ခင်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ အကြမ်းဖက်တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ ကိုဆိုဗို ပြည်ထဲရေးဝန်ကြီး ဂျယ်လားလ် ဆဗက်စ်လာက အပြစ်တင်လိုက်ပြီး တူးမြောင်းရဲ့ အစိတ်အပိုင်း ပျက်စီးသွားတယ်လို့ မီဒီယာတွေကို ပြောပါတယ်။
လူမျိုးရေးတင်းမာမှုရဲ့ လက္ခဏာတရပ်အဖြစ် ကိုဆိုဗိုသမ္မတ ဗီယိုဆာအို့စ်မာနီကတော့ ဒီတိုက်ခိုက်မှုအတွက် ဆားဘီးယားရာဇ၀တ်ဂိုဏ်းတွေကို အထောက်အထား တစုံတရာ မရှိဘဲ စွပ်စွဲ အပြစ်တင်ခဲ့ပါတယ်။
ကိုဆိုဗို၀န်ကြီးချုပ် အယ်လ်ဘင်ကာတီကတော့ ဒီပေါက်ကွဲမှုဟာ အိမ်နီးချင်း ဆားဘီးယားရဲ့ အကြမ်းဖက် လုပ်ရပ်လို့ ပြစ်တင်ပြောကြားခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်တဲ့ ရာဇ၀တ်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုပါပဲ လို့ နိုဝင်ဘာ ၂၉ ရက်က ရုပ်မြင်သံကြား မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
မနက်ပိုင်းမှာ ပြဿနာကို မဖြေရှင်းနိုင်ရင် ပြည်နယ်တချို့မှာ ဓာတ်အား မရနိုင်ဘူးလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
နိုဝင်ဘာ ၃၀ ရက် အစောပိုင်းမှာတော့ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားရတဲ့ ရေမြောင်းကို ပြန်လည်ပြုပြင်ခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်း၊ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိနဲ့ ပေါက်ကွဲ ပျက်စီးမှုကြောင့် သောက်သုံးရေ ပေးဝေမှုအပေါ် သက်ရောက်မှု ရှိ မရှိတွေကိုတော့ ချက်ချင်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဆားဘီးယား တာဝန်ရှိသူတွေက မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။ ရိုက်တာအနေနဲ့ ဘဲလ်ဂရိတ်ဒ် ရဲ့ ပါဝင်ပတ်သက်မှုအပေါ် အထောက်အထား ချက်ချင်း မတွေ့ရှိရသေးပါဘူး။
သောကြာနေ့အစောပိုင်းတုန်းကတော့ တိုင်းရင်းဆားဘီးယားလူမျိုးစုတွေ နေထိုင်ရာ ကိုဆိုဗို မြောက်ပိုင်းမှာ ရဲစခန်းနဲ့ မြူနီစီပယ်အဆောက်အအုံတို့မှာ လက်ပစ်ဗုံးတွေနဲ့ ပစ်ပေါက်ခံခဲ့ရတဲ့ လတ်တလော တိုက်ခိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီးနောက်မှာ ကိုဆိုဗိုရဲတပ်ဖွဲ့ဟာ လုံခြုံရေးအစီအမံတွေ တိုးမြှင့်ကြေညာခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေက ဆက်စပ်မှု ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source-Reuters