Home
မြန်မာသတင်း
မင်္ဂလာဒုံတွင် ရပ်ကွက်ရုံး ပေါက်ကွဲမှုဖြစ်
DVB
·
November 13, 2024

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲလမ်းဆုံအနီး၊ ပုလဲမြို့သစ်လမ်းပေါ်ရှိ ရွှေနံ့သာရပ်ကွက် စစ်ကောင်စီရပ်ကွက်ရုံးမှာ နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ၅၅ မိနစ်လောက်က ပေါက်ကွဲသံ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီပေါက်ကွဲမှုဟာ Operation Flame (OF) အဖွဲ့ရဲ့ ၁၈ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်ပြီး အဝေးထိန်းမိုင်း ၁ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

ပေါက်ကွဲမှုအပြီးမှာ ပုလဲလမ်းဆုံအနီးမှာ ရှိနေတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ မီးတန်းယာဉ်တွေ မိနစ်ပိုင်းအတွင်း လာရောက်စစ်ဆေးတာတွေ ရှိခဲ့ပြီး လူနာတင်ယာဉ်တွေပါ လာရောက်ခဲ့ကြပါတယ်။

မြို့ခံတယောက်က “ဘိုခြံလမ်း(ပုလဲမြို့သစ်လမ်း) ရပ်ကွက်ရုံးလို့ ကြားတယ်။ ည ၇ နာရီ ထိုးခါနီးလောက်။ အဲဒီရုံးက နာမည်ထွက်နေတာ။ ပျူတွေ ကြံ့ခိုင်ရေးတွေကို ရာအိမ်မှူး ဆွဲခန့်ထားတဲ့ ရုံး။ ဧည့်စာရင်း တစ်ခါရေးပေးရင် ၃၀၀၀ တောင်းတယ်“လို့ ဆိုပါတယ်။

အဆိုပါရပ်ကွက်ရုံးအဖွဲ့ဝင်ဟာ စစ်ကောင်စီအလိုကျ ဧည့်စာရင်းစစ်၊ စစ်မှုထမ်းစာရင်းကောက်၊ ရပ်ကွက်လူမိုက်တွေ ခန့်ထားပြီး ပြည်သူကို ခြိမ်းခြောက်နေတာတွေ လုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။

Operation Flame OF အဖွဲ့ သတင်းပြန်ကြားတာဝန်ခံက “အဝေးထိန်းမိုင်းတလုံးနဲ့ ဖောက်ခွဲခဲ့ပါတယ်။ အထိအခိုက်တော့ မသိရသေးပါဘူး။ စစ်အာဏာရှင် အမြစ်ပြတ်တဲ့ အချိန်ထိ ရတဲ့နည်းလမ်းနဲ့ ဒီစစ်အာဏာရှင်ကိုရော သူ့ရဲ့အပေါင်းအပါတွေကိုရော တိုက်ခိုက်သွားမှာပါ။  ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ စစ်အာဏာရှင်လက်အောက်မှာ နေသားမကျသွားကြဖို့ မှာချင်ပါတယ်။ တကယ်တော့ ပါဝင်နေတဲ့ ပြည်သူတွေကလည်း ပါဝင်နေကြတာမို့ အထူးတလည်တော့ ပြောစရာမရှိပါဘူး။  လေးစားပါတယ်။ ကိုယ်နဲ့ မဆိုင်သလို နေနေကြတဲ့ တချို့သော ပြည်သူတွေကို မှာချင်တာကတော့ အသိတရားရကြပါလို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

Operation Flame OF အဖွဲ့ဟာ စစ်အာဏာသိမ်းချိန်ကနေ အခုမစ်ရှင်အထိ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ ဖောက်ခွဲရေး(ရန်ကုန်) - ၁၆ ကြိမ်၊ ၁၀၇ မမ ပစ်ခတ်တိုက်ခိုက်ခဲ့ (မန်းလေး)-၁ကြိမ်နဲ့ ရှင်းလင်းရေး (ရန်ကုန်) - ၁ ကြိမ်တို့ ပြုလုပ်ခဲ့ပြီးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမ‌ဘေးရှိ ရွာမအရှေ့ရပ်ကွက်ရုံးကို Dark Shadow တပ်ဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၈ ရက် ညပိုင်း ၇ နာရီမှာတော့ မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီး(EPC) လျှပ်စစ်ရုံး၊ ကင်းတဲအနီးမှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး ဒီတိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ်(ပကဖ)နဲ့ Yangon UG People Army တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013