Home
မြန်မာသတင်း
မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနှင့် ပြည်သာယာအမှတ် ၃ ရဲစခန်းတို့ တိုက်ခိုက်ခံရ
DVB
·
November 12, 2024

မန္တလေးတိုင်း၊ မိတ္ထီလာမြို့အခြေစိုက် ရှမ်းတဲကျေးရွာမြောက်ဘက်က စစ်ကောင်စီတပ်ရဲ့ ရှမ်းတဲလေတပ်စခန်းနဲ့ ပြည်သာယာအမှတ် ၃ ရဲစခန်းတို့ နို၀င်ဘာ ၁၁ ရက် မနက် ၅ နာရီ၀န်းကျင်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိတ္ထီလာမြို့ခံတယောက်က “မနက်စောလမ်းလျှောက်ထွက်ဖို့ အိပ်ရာကအထမှာ ပေါက်ကွဲသံတွေ ကြားလိုက်ရတာပါ။ ၁၀ ချက်လောက်ကတော့ သိပ်မကျယ်ဘူးဗျနော်။ အဲဒီနောက် ၇ ချက်လောက်က တော်တော်လေးကျယ်တယ်။ ရှမ်းတဲလေတပ်စခန်းနဲ့ ပြည်သာယာရဲစခန်း တိုက်ခိုက်ခံရတယ် ဆိုတာကတော့ မနက် ၇ နာရီလောက်မှ သိရတာပေါ့” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Fixed Wing Drone တွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်ခံရတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

“ဒီလိုဗျ။ အခု တိုက်ခိုက်ခံရတဲ့ လေတပ်နား၀န်းကျင်တွေမှာ မပေါက်ကွဲသေးတဲ့ ဒရုန်းတွေနဲ့ ပြည်သာယာ ရဲစခန်းနားက စိုက်ခင်းထဲမှာ ပေါက်ကွဲပြီးသား ဒရုန်းတွေ တွေ့ရတယ်။ လေတပ်ထဲကိုတော့ လက်နက်ကြီးတွေနဲ့ပါ အပစ်ခတ်ရတာ ဖြစ်နိုင်တယ်။ လေတပ်ထဲက ထိခိုက်ပျက်စီးတာတော့ မသိရသေးဘူး။ အစစ်အဆေးတွေတော့ အရမ်းကြမ်းနေတယ်” လို့ ရှမ်းတဲလေတပ်အနီးနေထိုင်သူတယောက်က ပြောပါတယ်။

တိုက်ခိုက်ခံရမှုအပြီး မနက် ၁၁ နာရီခွဲ၀န်းကျင်မှာ ရှမ်းတဲလေတပ်စခန်းထဲကို Mi17 အမျိုးအစား စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ် ၁ စီး ဆင်းသက်လာသလို ဂျက်ဖိုက်တာ ၁ စီးဟာလည်း အနောက်ဘက်ကို ပျံတက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးတဲ့အပြင် မိတ္ထီလာမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူမရှိခဲ့လို့ ထိခိုက်ပျက်စီးမှုအခြေအနေကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရှမ်းတဲလေတပ်စခန်းဟာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ် အပါအ၀င် ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေမှာ အဓိကလေကြောင်းပစ်ကူပေးနေတဲ့ လေတပ်စခန်း ဖြစ်တယ်လို့ မန္တလေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီနေ သိရပါတယ်။

တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရပေမဲ့ PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုဟာ ဒရုန်း ၈ စီးပါ၀င်ပြီး လေကြောင်းရန် ကာကွယ်ထိန်းချုပ်မှုတွေကြောင့် လေတပ်အနီး ပြောင်းစိုက်ခင်းထဲမှာ ၁ စီး၊ Grand Cosmos Hotel အနီးမှာ ဒရုန်းအပိုင်းအစ ၁ ခုနဲ့ ပြည်သာယာမြောက်ရပ်ကွက်က မဟူရာသုသာန်ထဲမှာ Fixed Wing Drone ၁ စီးတို့ကို ရှာဖွေတွေ့ရှိခဲ့​ရပြီး ဒရုန်းတွေ လွှတ်တင်တဲ့နေရာကို ရှာဖွေစုံစမ်းနေ​တယ်လို့ စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013