
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဇန်နဝါရီ ၉ ရက်နေ့ညပိုင်း ကင်းလှည့်နေတဲ့အဖွဲ့ လောက်လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွနဲ့ပစ်သူကို လုံးထွေးသတ်ပုတ်တုန်း ချွန်ထက်တဲ့အရာနဲ့ ထပ်အထိုးခံရလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာကုသခံနေရတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မအူပင်မြို့ပေါ်မှာ ရဲ၊ ပြည်သူ့စစ်နဲ့ မီးသတ်တွေဟာ ညတိုင်းလိုလို ဆိုင်ကယ်နဲ့ ကင်းလှည့်နေတာဖြစ်ပြီး အဲဒီညကတော့ လေးခွနဲ့ ချောင်းအပစ်ခံရတာလို့ ဆိုပါတယ်။
မအူပင်မြို့မရဲစခန်းနဲ့နီးစပ်သူက “လောက်လေးခွနဲ့ ပစ်လိုက်မှန်းသိလို့ အရှေ့တယောက်က ငုံ့ရှောင်လိုက်တာ အနောက်တယောက်ကို ထိပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတယ်။ အဲဒါနဲ့ ရှေ့တယောက်က အတင်းဆင်းပြီး ပစ်တဲ့လူနောက်လိုက်ပြီး လုံးထွေးသတ်ပုတ်ကျတယ်။ ဟိုဘက်က လူကအသင့်ပါလာတဲ့ အချွန်နဲ့ထိုးတာ တင်ပါးထဲကို အချွန်တဆုံးထိုးသွားလို့ ဆေးရုံကိုပို့ထားရတယ်” လို့ DVB ကို ပြောပါတယ်။
ကင်းလှည့်သူတွေကို လောက်လေးခွနဲ့ပစ်၊ အချွန်နဲ့ထိုးသွားတဲ့သူကို ခုထိမမိသေးဘဲ ကျူးလွန်သူကို သိတယ်ဆိုပြီး အမျိုးသမီးတယောက်ကိုခေါ်စစ်နေသလို ကျူးလွန်သူရဲ့ အမျိုးသမီး တကယ်ဟုတ် မဟုတ်တော့ မသေချာဘဲ အချွန်နဲ့အထိုးခံရတဲ့ရဲကတော့ ဆေးရုံကနေ အခုထိမဆင်းရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကလည်း ကင်းလှည့်နေတဲ့ ရဲတွေကို လောက်လေးခွနဲ့ ချောင်းပစ်တာတွေရှိခဲ့ပြီး အခုလို မကြာခဏ အပစ်ခံလာရတယ်လို့ ရဲတပ်ဖွဲ့မိသားစုဝင်တွေဆီက သိရပါတယ်။