ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီးစွပ်စွဲ ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲက အမျိုးသား ၇ ယောက်ကို စစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
စစ်မှုထမ်းခေါ်ခံရသူ အမျိုးသား ၇ ယောက်ဟာပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်မှာ မအူပင်မြို့နယ် အောင်ဟိတ်ကျေးရွာကနေ တော်လှန်းရေးတပ် PDF တွေနဲ့ပတ်သက်တယ်လို့စွပ်စွဲပြီး ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အဲဒီအချိန်တုန်းက လူအယောက် ၃၀ ကျော်အထိ ဖမ်းခဲ့တာ။ သူတို့ကို စကစတပ်က တိုင်းရင်းသားနယ်မြေတွေမှာ စစ်သင်တန်းတက်ပြီး ပြန်လာတာကြောင့်ဆိုပြီး ဖမ်းတာ။ အဖမ်းခံရသူတွေထဲက လူငယ်အမျိုးသား ၇ ယောက်ကို စစ်မှုထမ်းဖို့ခေါ်သွားတာလို့ သိရတယ်။ လူငယ်တွေကို စစ်မှုထမ်းရမယ်လို့ မပြောဘူး။ စာရင်းအရင်ယူသွားပြီးတော့မှ စစ်မှုထမ်းဖို့ အမိန့်ကျတယ်ပေါ့ ပြောတာ။ ကားနဲ့ခေါ်သွားတာ။ ဘယ်ကိုခေါ်သွားတယ်တော့ မသိသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ အရပ်သား ဒေသခံ အယောက် ၃၀ ကျော်ကို မအူပင် ခလရ ၂၇ တပ်ထဲမှာထားပြီး စစ်ကောင်စီတပ်က စစ်ဆေးနေတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲက စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် အသက် ၂၄ နှစ် အရွယ် လင်းထက်အောင်ဆိုသူ လူငယ်တယောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
အခုနောက်ပိုင်း စစ်မှုထမ်းရမှာစိုးလို့ တိမ်းရှောင်ထွက်ပြေးတဲ့သူတွေ များလာတာကြောင့် မအူပင်မြို့နယ် အပါအဝင် ဧရာဝတီတိုင်းမှာ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ရွေးထည့်တာမျိုးတွေ လုပ်လာတယ်လို့ သိရပါတယ်။