ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နဲ့ အေးသာယာတို့မှာ စစ်ကောင်စီတပ်က နိုဝင်ဘာလကစလို့ ပေါ်တာဆွဲနေပြီး တန်ဆောင်တိုင်ကာလပြီးနောက်ကနေ အခုချိန်အထိ အယောက် ၁၅၀ ကျော် ပေါ်တာဆွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်ကြီးမြို့ခံ အမျိုးသားတယောက်က “ဒီရက်ပိုင်း လူငယ်နှစ်ယောက် အလုပ်ကအပြန်မှာ လမ်းကြားက လက်ဖက်ရည်ဆိုင်နားမှာ ပေါ်တာဆွဲခံရတာ။ တယောက်က ဆေးကျောင်းသား၊ တယောက်က ဂဟေဆော်တဲ့တယောက်။ နှစ်ယောက်လာရင်းနဲ့ ပျောက်သွားတယ်။ မနက်မိုးလင်းတော့ ပေါ်တာဆွဲခံလိုက်ရပြီဆိုပြီး သိလိုက်ရတယ်” လို့ ပြောပါတယ်။
တန်ဆောင်တိုင်ကာလပြီးနောက် တောင်ကြီးမြို့နဲ့ အေးသာယာက လူငယ်လူရွယ်နဲ့ လူလတ်ပိုင်း အယောက် ၁၅၀ ကျော်ပေါ်တာဆွဲခံရတယ်လို့ ဒေသခံတွေဆီကသိရပြီး ပေါ်တာဆွဲတာတွေ ဆက်ရှိနေသလို လူအရေအတွက်အတိအကျသိရဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒေသခံတယောက်က “အဓိက ညနက်တဲ့အချိန်တွေ ရပ်ကွက်ကြိုရပ်ကွက်ကြားတွေ မသွားတာ ကောင်းတယ်။ ည ၈ နာရီလောက်ဆို မြင်းရုပ်နားမှာ စစ်တာတွေရှိတယ်။ စစ်သားတွေရော ရဲတွေရော အများကြီးပဲ။ ဆိုင်ကယ်အဖုံးဖွင့်စစ်၊ မိုးကာတွေလည်း လှန်လှောရှာတယ်။ ကောင်လေးတွေဆိုလည်း စစ်တယ်။ မူးမူးရူးရူးနဲ့ ပြန်လာတဲ့ကောင်လေးတွေဆို ဆွဲတယ်လို့လည်း ကြားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းအတွင်း အေးသာယာမြို့ကနေ အယောက် ၅၀ ကျော် ပေါ်တာဆွဲခံရတယ်လို့ ဒေသခံတချို့က ပြောဆိုပေမယ့် သတင်းအတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ လူငယ်လူရွယ်တွေနဲ့ လူလတ်ပိုင်း အမျိုးသားတွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်တာ၊ ပေါ်တာဆွဲတာတွေလုပ်ပြီး စစ်သင်တန်းကို ရက်တိုပေး ရှေ့တန်းပို့တာတွေကြောင့် သေဆုံးရသူတွေလည်း ရှိနေတယ်လို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူတွေက တဆင့် သိရပါတယ်။